Facial Recognition နည်းပညာ မသုံးရန် ဆန်ဖရန်စစ္စကိုတွင် တားမြစ်

Facial Recognition နည်းပညာ မသုံးရန် ဆန်ဖရန်စစ္စကိုတွင် တားမြစ် google.com
ဆန်ဖရန်စစ္စကိုဟာ Facial Recognition နည်းပညာကို အစိုးရအေဂျင်စီတွေမှာ မသုံးဖို့ တားမြစ်လိုက်တဲ့
ပထမဆုံး US မြို့ ဖြစ်လာပါတယ်။
 
ဆန်ဖရန်စစ္စကို မြို့တော်အုပ်ချုပ်ရေးဘုတ်အဖွဲ့ဟာ Facial Recognition နည်းပညာ မသုံးဖို့ အဆိုပြုချက်ကို ၈ မဲ ၁ မဲနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ တစ်လအတွင်း အသက်ဝင်မှာပါ။ တရားဥပဒေစိုးမိုးရေးဌာန အပါအဝင် မည်သည့်အစိုးရဌာန မှာမဆို Facial Recognition နည်းပညာ သုံးခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြို့နယ်အစိုးရဌာနတွေအနေနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတခုခု သုံးမယ်ဆိုရင် ဘုတ်အဖွဲ့ထံမှာ ခွင့်ပြုချက် အရင်တောင်းခံရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတွေကိုလည်း စစ်ဆေးမှု ခံယူသွားရမှာပါ။
 
“Stop Secret Surveillance Ordinance’ လို့ အမည်ပေးထားတဲ့ ယခု အဆိုပြုချက်ကို Supervisor Aron Peskin က ဦးဆောင် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါဟာ နည်းပညာကို ဆန့်ကျင်တဲ့ ပေါ်လစီတခု မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဥပဒေစိုးမိုးရေးအဖွဲ့တွေ အသုံးပြုနေတဲ့ နည်းပညာအများအပြားဟာ မြို့တော်လုံခြုံရေးအတွက် အရေးပါဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူ့မျက်နှာကို စစ်ဆေး၊ မှတ်သားတဲ့ Facial Recognition နည်းပညာဟာ “အလွန် အန္တရာယ်များပြီး၊ လွတ်လပ်ခွင့်ကို ချုပ်ချယ်တဲ့” နည်းပညာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
 
မည်သူမည်ဝါဆိုတာ တမဟုတ်ချင်း ခွဲခြားစစ်ဆေးနိုင်တဲ့ Facial Recognition နည်းပညာကို အစိုးရဌာနတွေမှာ အသုံးပြုသင့်၊ မသင့် အမေရိကန်မှာ အငြင်းပွားနေကြပါတယ်။ ဒီနည်းပညာကြောင့် ပြည်သူတွေရဲ့ လွတ်လပ်ခွင့် အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ ဒီနည်းပညာကို ကန့်သတ်၊တားမြစ်ဖို့ ထောက်ခံသူတွေကတော့ လက်ရှိ Facial Recognition နည်းပညာဟာ စိတ်ချရမှု အပြည့်မရှိသေးဘဲ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အသားရောင် မည်းနက်သူတွေမှာ အမှားများတယ်လို့ ဆိုပါတယ်။ ဒီအတွက် လူတွေရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးကို မလိုအပ်ဘဲ ထိပါးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
 
တားမြစ်မှုကို ဆန့်ကျင်သူတွေကတော့ အခုလို လုပ်လိုက်တာဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ပြီး၊ ရာဇဝတ်မှုတိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကို နှောင့်နှေးစေနိုင်တယ်လို့ ဆိုကြပါတယ်။
 
Facial Recognition Tools တွေ ထုတ်လုပ်ထားတဲ့ Microsoft ကုမ္ပဏီကိုယ်တိုင်ကတော့ ဒီနည်းပညာအပေါ် အစိုးရဘက်က စစ်ဆေးကြပ်မတ်မှုတွေ လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဘယ်ပုံဘယ်နည်း စစ်ဆေးကြပ်မတ်ရမလဲ ဆိုတာကတော့ အခက်တွေ့နေကြတုန်းပါ။ ဆန်ဖရန်စစ္စကိုမှာ အခုလို တားမြစ်လိုက်တာကြောင့် နောက်ထပ်အမေရိကန်မြို့ကြီးတွေမှာလည်း အလားတူတားမြစ်၊ ကန့်သတ်မှုတွေ လုပ်ဖို့ အငြင်းပွားမှုတွေ ဆက်လက်ပေါ်ပေါက်လာဦးမှာ ဖြစ်ပါတယ်။
 
DIgital Times
Read 134 times
Rate this item
(1 Vote)