Google ရဲ့ အားလုံးအတွက် Game Streaming Stadia

GDC 2019 မှာ Google က ပြောပြတဲ့ keynote မှာ Stadia ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Stadia ဟာ cloud streaming service တစ်ခု ဖြစ်ပြီး ပုံထွက်အရမ်းကောင်းတဲ့ ဂိမ်းတွေကို Chrome သုံးစွဲသူတိုင်း သုံးလို့ရအောင် စီစဉ်ပေးထားမယ်လို့ ဆိုပါတယ်။ ယခုနှစ် ၂၀၁၉ မှာ ၀န်ဆောင်မှု စပေးသွားမှာဖြစ်ပြီး streaming က 4K resolution, 60 fps ဖြစ်ပါတယ်တဲ့။
Google ရဲ့ CEO ဖြစ်သူ Sundar Picha က ဂိမ်းတွေကို ချက်ချင်းမွေ့လျော်လို့ ရအောင် လုပ်ပေးထားသင့်ပြီး လူတိုင်း သုံးစွဲလို့ ရသင့်ပါတယ်လို့ မြွက်ဆိုခဲ့ပါတယ်။ ဂိမ်းတွေကို ကစားနေသူရဲ့ စက်ထဲမှာ မထားဘဲ အခြားတစ်နေရာမှာရှိတဲ့ ဆာဗာမှာ ထားပေးထားမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ဗီဒီယို ပေးပို့တဲ့အတိုင်း ပေးပို့ပြီး စက်မှာ မြင်တွေ့စေပြီး ကစားလို့ရအောင် လုပ်ပေးထားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ cloud streaming service နဲ့ ဂိမ်းတွေကို စိတ်တိုင်းကျ ကျေနပ်အောင် ကောင်းတဲ့အခြေအနေဖြင့် ၀န်ဆောင်မှု ပေးနိုင်ခြင်း မရှိသေးတာကို Google က အဆင်ပြေအောင် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကစားသူရဲ့ စက်ထဲမှာ ဘာမှ သိမ်းဆည်းနေဖို့ မလိုအောင် စီစဉ်ထားမှာ ဖြစ်ပါတယ်။

Stadia အင်ဂျင်နီယာချုပ်ဖြစ်သူ Majd Bakar က Google မှာ အားသာချက် ရှိနေတယ်။ အဲဒါက Google ရဲ့ data center network ဖြစ်ပြီး အဲဒီကွန်ရက်မှာ ဖိုင်ဘာအော့ပတစ်တွေနဲ့ ချိတ်ဆက်ဖြန့်ကျက်ထားတဲ့အပြင် ပင်လယ်ကြမ်းပြင်မှာ ပြေးထားတဲ့ ကေဘယ်လိုင်းတွေလည်း ရှိနေတယ်။ ကမ္ဘာတစ်လွှားမှာ နေရာပေါင်း ၇၅၀၀ ကျော်ကနေ လိုင်းခွဲတွေ ထုတ်ပေးထားတယ်။ အဲဒါတွေအားလုံးက ကွန်ရက်ရဲ့ ကျောရိုးမှာ ချိတ်ဆက်ပေးထားတယ်။ အဲဒီလို စီစဉ်ထားတဲ့ အခြေခံအဆောက်အအုံပေါ်မှာ Stadia ကို တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီလို ဖိုင်ဘာအော့ပတစ်နဲ့ ပင်လယ်ရေအောက် ကေဘယ်ကြိုးကွန်ရက် အခြေခံအဆောက်အအုံမျိုးကို တခြားဘယ်လုပ်ငန်းမှာမှ မရှိဘဲ Google တစ်ခုတည်းမှာသာ ရှိနေတာဖြစ်ပါတယ်။

Stadia မှာ ဂိမ်းနဲ့ ပတ်သက်လို့ ဖိုင်သိမ်းဆည်းတာ၊ မျှဝေတာတွေ လုပ်ကိုင်လို့ရမယ်။ ဒီတော့ ကစားသမား အချင်းချင်း game states တွေ ရှယ်လို့ရမယ်။
Stadia ကို desktops, laptops,တီဗီ, tabletsနဲ့ ဖုန်းတွေမှာ သုံးလို့ ရမယ်။ YouTube မှာ Assassin's Creed နမူနာဗီဒီယိုကို ကြည့်နေရာမှ ဂိမ်းကို ကစားချင်စိတ်ပေါက်လာပါက ချက်ချင်းဆိုသလို ဂိမ်းကစားလို့ရအောင် အချိတ်အဆက် အရွှေ့အပြောင်းတွေ စီမံပေးထားတယ်။ စခရင်မှာ တွေ့နေရတာတွေ အားလုံး ကစားသမားရဲ့ စက်ထဲမှာ လုပ်ကိုင်နေတာမဟုတ်ဘဲ ဆာဗာမှာ လုပ်ကိုင်နေတာဖြစ်ပြီး အဲဒီလို လုပ်ကိုင်နေတာတွေကို စက်ရဲ့ စခရင်မှာပေါ်နေအောင် ဆွဲတင်ဖို့လောက်ပဲ အချိန်ကြာမှာ ဖြစ်တာကြောင့် အခုလို မြန်မြန်ဆန်ဆန် ဖြစ်နေနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Stadia နဲ့ ကစားဖို့ ဘာတွေ ၀ယ်ရမလဲ။ လောလောဆယ်သုံးနေတဲ့ USB ကိရိယာတွေနဲ့ သုံးလို့ရတယ်။ ဒီတော့ အခု သုံးစွဲနေတဲ့ controllerတွေ keyboardတွေ mouse တွေနဲ့ ကစားလို့ရတယ်။ controller အသစ်တစ်မျိုးကို ထုတ်လုပ်ရောင်းချသွားဖို့ ရှိပြီး အဲဒီ controller အသစ်ကိုသုံးစွဲပြီး ကိုယ်ကစားနေတာကို YouTube မှာ ရှယ်လို့ ရအောင်လည်း စီစဉ်ပေးထားမယ်လို့ Google က ဆိုထားပါတယ်။ အဲဒီလို YouTube နဲ့ ချိတ်ဆက်ပေါင်းစည်းပေးထားလိုက်တဲ့အတွက် ကိုယ်ကစားနေတာကို YouTube မှာ livestreame ပြသလို့ ရနေမှာ ဖြစ်ပါတယ်။ အဲဒါကို ကြည့်ရင်း စိတ်ပါရင် ချက်ချင်း ၀င်ကစားလို့ရအောင်လည်း လုပ်ပေးထားဦးမှာ ဖြစ်ပါတယ်။

NGA HTET

 

 

Read times
Rate this item
(0 votes)