ဂိမ်းဆိုသည်မှာ , , ,

ဂိမ်းဆိုသည်မှာ ဂိမ်းပါပဲ။ ကျွန်တော်တို့ ကစားကြည့်လိုက်တဲ့အခါ ဂိမ်းဆိုတာကို သိသွားတယ်။

ဒါပေမဲ့ ဘာလို့ ဂိမ်းကို ကျွန်တော်တို့ ကစားဖြစ်ကြတာလဲ။
ဂိမ်းတစ်ခုမှာ ခင်ဗျား မွေ့လျော်နေအောင် ဘာတွေ ပါနေလို့လဲ။ မပါမဖြစ် ဘာတွေကို ထည့်ပေးထားကြသလဲ။ KFC ကြက်ကြော်မှာ လူသိမခံတဲ့ အကြော်မှုန့် စပ်နည်း ရှိတယ်။ ကြက်သားတုံးကို အဲဒီအမှုန့်နဲ့ လူးပြီး ကြော်လိုက်တဲ့အခါ တစ်မူထူးပြီး ကောင်းမွန်တဲ့ အရသာကို ပေးတယ်။ ဂိမ်းတွေမှာရော အဲဒီလို လူသိမခံတဲ့ လျှို့ဝှက်နည်းလမ်းတွေ ရှိနေသလား။ အဲဒါတွေကို နားလည်ဖို့ အထူးသင်တန်း တက်ဖို့ လိုမလား။ ဂိမ်းတွေ ဖန်တီးတဲ့ ပညာရပ်တွေ၊ ပညာရှင်တွေမှာ ဝေမျှပေးစရာ အသိပညာတွေ ရှိနေသလား။
အဲဒီမေးခွန်းတွေ စဉ်းစားမကြည့်ခင် ရိုးရိုးရှင်းရှင်း ဂိမ်းတစ်ခုကို ပြောပြချင်တယ်။
ဂူးဂဲမှာ Google app ဆိုတာ ရှိတယ်။


ဖုန်းကို off line လုပ်ပြီး
အဲဒီအက်ပ်နဲ့ ကြိုက်ရာ ၁ခုခု ရှာခိုင်းလိုက်၊
စက်ဝိုင်းပုံတစ်ခု ပေါ်လာမယ်။


အဲဒီ အဝိုင်းလေးကို 2ချက် 3 ချက်လောက်
လက်ဖျားထိပ်နဲ့ ထိပေးလိုက်ရင်
ထီးကလေးနဲ့ မောင်တိမ်လွှာ ထွက်လာမယ်။

စခရင်ကို လက်ဖျားနဲ့ ထိ ထိ ပေးပြီး
စကစားလို့ရပြီ။
တစ်ချိန်တုန်းက ဗီယက်နမ်မှ ဂိမ်းပြုလုပ်သူရဲ့
Flappy Bird ကစားတဲ့ နည်းဟန်အတိုင်း
ကစားရုံပါပဲ။

 

ငှက်တွေကို ရှောင်မယ်။ မိုးတိမ်တိုက်တွေကို ရှောင်မယ်။ gravity က မောင်တိမ်လွှာကို ဆွဲချနေတယ်။ ခင်ဗျားက စခရင်ကို တို့တို့ပေးလိုက်တိုင်း သူက အပေါ်ဖက်ကို ပြန်ပြန်တက်တယ်။
ရိုးရိုးလေးမှ တကယ့် ရိုးရိုးလေး။ ဒါပေမဲ့ အသည်းထိတ်တယ်။ ပြီးတော့ စွဲသွားနိုင်တယ်။ အဲဒါ ဂိမ်းရဲ့ ဂုဏ်သတ္တိတွေပေါ့။

 

စွဲတယ်ဆိုတာ တစ် ကြိမ် နှစ်ကြိမ်လောက်နဲ့တော့ မစွဲသေးဘူး။
တစ်ကြိမ်ပြီး တစ်ကြိမ် ကစားရင်း လက်ရည်တက်လာတယ်။ အမှတ် 300 400 လောက်ရမှ
ဖီလင်တွေ အီမိုရှင်းတွေ ဖြစ်လာပြီး ထပ်ကစားချင်လာမယ်
Off line ဆိုတော့ bill မကုန်ဘူး၊ အချိန်ပဲကုန်တာဆိုတော့ အမှတ်တွေ 1000 1200 ရအောင်ကစားတဲ့အထိ
စွဲစပြုသွားတယ်။

ဂိမ်းဆိုတာ အဲဒါပါပဲ။

ဂူးဂဲမှာ ခရုမ်းဘရိုဇာ ရှိတယ်။ အင်တာနက် မရှိတဲ့အချိန်မှာ ရှာခိုင်းလိုက်ရင် ဒိုင်နိုဆော တစ်ကောင်ကို ပြတယ်။

သဲကန္တရထဲ ပြေးခိုင်းပြီးတဲ့အခါ ဆူးပင်တွေကို ခုန်ကျော်ပြီး မသွားနိုင်ရင် ဂိမ်းအပြီးသတ်သွားတယ်။ အဲဒီဂိမ်းကလည်း ခုနက ပြောတဲ့ဂိမ်းလိုပဲ စခရင်ကို လက်ဖျားနဲ့ တို့ပေးပြီး ဒိုင်နိုဆောကို ခုန်ခိုင်းရတယ်။
ဂိမ်းနှစ်ခုကို ဆော့ကြည့်လိုက်ပါ။ ပထမ မောင်တိမ်လွှာဂိမ်းက ဒိုင်နိုဆောထက် ဆော့ချင်စရာ ပိုကောင်းနေတယ်။ ဘာလို့လဲ။


ခုနက မေးခွန်းကို ပြန်ကောက်ရအောင်။
ဘာလို့ ဂိမ်းကို ကျွန်တော်တို့ ကစားဖြစ်ကြတာလဲ။
ဂိမ်းကစားတဲ့ အတွေ့အကြုံထံမှ ဘယ်လို အကျိုးထူးမျိုးတွေကို ကျွန်တော်တို့ ရရှိသလဲ။
ရိုးရိုးလေး အဖြေပေးရရင် ဖျော်ဖြေရေး entertainment တစ်ခုပါပဲ။
ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေရေး လုပ်တဲ့အခါ စာအုပ်တွေ ဖတ်တယ်။ ရုပ်ရှင်တွေ ကြည့်မယ်။ ဗီဒီယိုတွေ ကြည့်မယ်။ တီဗီ ထိုင်ကြည့်မယ်။ ဘောလုံးပွဲကြည့်မယ်။
ဂိမ်းကစားတာကလည်း အဲဒီသဘောပါပဲ။ ဖျော်ဖြေရေးတစ်ခုအဖြစ် ကစားကြတယ်။
ဒါပေမဲ့ ဂိမ်းဖျော်ဖြေရေးမှာ အများနဲ့မတူ တစ်မူထူးနေတဲ့ အချက် ရှိတယ်။ အဲဒါက တခြားဖျော်ဖြေရေးတွေက ကျွန်တော်တို့ ထိုင်ကြည့်ရုံသက်သက်ပဲ။ ဂိမ်းကျတော့ ကျွန်တော်တို့ ၀င်ကစားလို့ ရတယ်။ ပါဝင်လုပ်ကိုင်လို့ရတဲ့ သဘောသဘာဝ interactive nature ရှိနေတယ်။

ငြီးငွေ့ခြင်း ကင်းစင်စေ


ဖျော်ဖြေရေးရဲ့ ဆန့်ကျင်ဘက်က ငြီးငွေ့ခြင်း ဖြစ်ပါတယ်။ ငြီးငွေ့ခြင်းကို ဖြေဖျောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေရေး လုပ်ကြတယ်။
မပြောကောင်း မဆိုကောင်း ခင်ဗျားက အကျဉ်းခန်းတစ်ခုထဲမှာ တစ်ယောက်တည်း နေနေရတယ်။ ဘာမှ လုပ်စရာ မရှိလို့ ငြီးငွေ့တယ်။ အဲဒီမှာ အုတ်ခဲစလေး တစ်စကို ခင်ဗျား တွေ့လိုက်တဲ့အခါ အဲဒါနဲ့ ဆော့တယ်။ နောက်တော့ ကစားနည်းတစ်ခုကို ခင်ဗျား ကြံဆလုပ်ကိုင်လိုက်တယ်။ နံရံတစ်နေရာကို ပစ်မှတ်အဖြစ်ထားပြီး ခင်ဗျား အုတ်ခဲစကို လှမ်းပစ်တယ်။ ငြီးငွေ့တာကို လွန်မြောက်သွားတယ်။ ဖျော်ဖြေမှုတစ်ခုကို ခင်ဗျား ရသွားတယ်။ အဲဒီမှာ ကစားနည်းတစ်ခုကို ကစားစရာအုတ်ခဲစနဲ့ ကစားတယ်။ အဲဒါ ဂိမ်းတစ်ခုကို မွေးဖွားလိုက်တာပဲ။
အဲဒီလို အခြေခံကျကျ ဂိမ်းပေါ်မှာ ကစားလို့ ကောင်းမယ့် ဂိမ်းကို တည်ဆောက်ကြတယ်။ စိတ်ကူးတွေ အမျိုးမျိုး ဖြည့်ထည့်ပေးလိုက်တယ်။ ပိုမိုကောင်းမွန်သွားအောင် လုပ်ပေးကြတယ်။ အချိန်တာ တစ်ခုကိုလည်း ထည့်ပေးလိုက်တယ်။ အဲဒီအခါမှာ ဂိမ်းမှာ အချက်အလက်တွေ တိုးပွားသွားတယ်။

●အချိန်ကာလတစ်ခုအတွင်းမှာ ပစ်မှတ်ကို ဘယ်နှကြိမ် ထိသလဲ
●ထိတဲ့ကြိမ်ရေတိုင်းအတွက် အမှတ်တွေ တိုးပေးတယ်။
●အကြိမ် ၂၀ ပစ်တာမှာ ဘယ်နှကြိမ် ထိသလဲ။ အကြိမ် ၅၀ မှာ ဘယ်နှကြိမ်ထိလဲ။ အကြိမ် ၁၀၀ မှာ ဘယ်နှကြိမ် ထိလဲ။
●မျက်လုံးတွေ မှိတ်ပြီး အုတ်ခဲစကို ပစ်လိုက်တာမှာ ပစ်မှတ်ကို ထိရင် အမှတ်ကို ၃ ဆ ပေးတယ်။
●၃ ကြိမ် ဆက်တိုက်ထိရင်လည်း ဆုကြေးအမှတ်အဖြစ် အမှတ်တွေ တိုးပေးတယ်။

ဂိမ်းကို ဒီဇိုင်းထုတ်တဲ့သူက အဲဒီလိုမျိုး အမျိုးမျိုးတွေ ဖြည့်ထည့်ပေးတယ်။ စိတ်လှုပ်ရှားမှုတွေ ပိုဖြစ်ပေါ်သွားစေတယ်။ တစ်နည်းပြောရရင် ဖျော်ဖြေရေးမှာ တန်ဖိုးထားစရာတွေ ဖြည့်ထည့်ပေးတယ်။ ကစားလို့ ပိုကောင်းသွားစေတယ်။ အရသာ ပိုရှိသွားစေတယ်။
ဒါပေမဲ့ ထပ်ဖြည့်ထည့်တာတွေက အပေါက်အလမ်း မတည့်ရင်တော့ ဂိမ်းက တန်ဖိုးတိုးမှာ မဟုတ်ဘူး။ ခပ်ချာချာ ရုပ်ရှင်ကားကို ကြည့်ပြီး ရုပ်ရှင်ရုံထဲမှ ထွက်လာတဲ့ လူတွေလိုမျိုး ဂိမ်းကစားသူတွေ ခံစားမိကြလိမ့်မယ်။
“ဇာတ်သိမ်းကျမှ အတင်းကြီး ပေါင်းပေးလိုက်တယ်”
“အလယ်နားမှာ ဇာတ်က အီနေတယ်။ မလိုဘဲ အပိုတွေ လျှောက်ထည့်ပြီး ဆွဲဆန့်ထားတယ်”
ရုပ်ရှင်ကို သည်းခံပြီး ပွဲပြီးတဲ့အထိ ထိုင်ကြည့်ပေးမယ့် ဂိမ်းကျတော့ ဆက်မကစားတော့ပဲ ရပ်ပစ်လိုက်ကြတယ်။ ဒီတော့ အဲဒီလိုမျိုး မဖြစ်အောင် ဂိမ်းမှာ တန်ဖိုးထားခြင်းတွေ ဖြည့်ထည့်ပေးမှ ဂိမ်းကောင်းတစ်ခု အဖြစ်ကို ရောက်ရှိသွားမယ်။ ငြီးငွေ့ခြင်းကို တစ်ချက်မှ ၀င်မလာအောင် လုပ်ပေးထားကြရတယ်။ ဒီတော့ စည်းမျဉ်းတစ်ချက်က ဂိမ်းဆိုသည်မှာ ငြီးငွေ့ခြင်း ကင်းစင်နေတဲ့အရာ ဖြစ်ရမယ်။
အဲဒီအတွက် လူ့စိတ်သဘာဝကို အသုံးချကြတယ်။

ကိန်းအောင်းနေတဲ့ စိတ်သဘာဝ ၂ မျိုး

ဂိမ်းတွေက လူတွေရဲ့ စိတ်မှာ ရှိနေတဲ့ ပင်ကိုစရိုက် နှစ်မျိုးကို အသုံးချပြီး စွဲအောင် လုပ်တယ်။ တစ်မျိုးက မုဆိုး၊ နောက်တစ်မျိုးက လိုက်လံစုဆောင်းသူ။ မုဆိုးလုပ်ခိုင်းတဲ့ ဂိမ်းတွေမှာ လိုက်လံတိုက်ခိုက်မယ်။ ထိုးမယ် နှက်မယ်။ လိုက်လံစုဆောင်းသူ လုပ်ခိုင်းတဲ့ဂိမ်းတွေမှာ လိုက်လံရှာဖွေပြီး စုဆောင်းခိုင်းမယ်။ အဲဒီနှစ်မျိုးစလုံး ရောမွှေထားတဲ့ဂိမ်းတွေလည်း ရှိတယ်။ အမဲလိုက်ရင်း စုဆောင်းရင်း ဂိမ်းမှာ စွဲနေစေတယ်။

လူမျိုးဆက်မှာ တစ်ချိန်တုန်းက မုဆိုးအဖြစ် အမဲလိုက်ပြီး စားစရာ ရအောင် လုပ်ခဲ့ကြတယ်။ နောက်တော့ အရှင်ဖမ်းပြီး အိမ်မှာ မွေးမြူထားတဲ့အဆင့်ကို တက်တယ်။ ခွေးတွေ၊ ကြောင်တွေ၊ နွားတွေ၊ ဆိတ်တွေ စသဖြင့် မွေးမြူစုဆောင်းထားတယ်။ ဆင်ကို မွေးမြူထားတဲ့သူတွေလည်း ရှိတယ်။ လင်းပိုင်တွေ မွေးမြူထားတဲ့သူတွေလည်း ရှိတယ်။

ပထမအဆင့်ဖြစ်တဲ့ မုဆိုး/ရှာဖွေစုဆောင်းသူ နဲ့ ဆက်နွှယ်နေတဲ့ အလေ့အထတွေ လူတွေမှာ ရှိနေတယ်။ သီချင်းကြိုက်တဲ့သူက သူကြိုက်တဲ့ အဆိုတော်ရဲ့ ထွက်သမျှ တေးစုတွေကို ၀ယ်ယူစုဆောင်းထားတယ်။ စာအုပ်ကြိုက်တဲ့သူက သူကြိုက်တဲ့ စာရေးဆရာရဲ့ ထွက်သမျှ စာအုပ်တွေကို ၀ယ်ယူစုဆောင်းထယ်။ စုဆောင်းသိမ်းဆည်းလို့ ရတဲ့ဟာမျိုးတွေကို လိုက်လံဝယ်ယူစုဆောင်းကြတယ်။ အပြည့်အစုံ ရတဲ့အထိ ၀ယ်ယူစုဆောင်းတယ်။ များနိုင်သမျှများများ ရအောင် စုဆောင်းတယ်။ ဂျပန် ဗီဒီယိုကာတွန်းဇာတ်လမ်းတွေ စုဆောင်းနေတာ မပြီးဆုံးနိုင်မှန်းသိပေမဲ့လည်း ဆက်လက် ရယူစုဆောင်းတယ်။ Pokemon ဇာတ်လမ်းတွဲတွေ နှစ်အတော်ကြာတဲ့အထိ ဆက်လက်ရှင်သန်နေဖို့ အဲဒီ အလေ့အထအပေါ် အခြေခံထားတယ်။
အဲဒီ အလေ့အထကို ဂိမ်းမှာလည်း အသုံးချကြတယ်။ ဂိမ်းထဲမှာ ရယူစရာ ၁၁ မျိုး စီစဉ်ပေးထားတယ်။ တစ်ခုပြီး တစ်ခု ရယူသွားတယ်။ ၁၀ ခုအထိ ရသွားပြီ။ တစ်ခုပဲ ကျန်တော့တယ်။ အဲဒီ ၁ ခု ရရင် ၁၁ ခု ပြည့်စုံပြီ။ ၁၁ ခုမြောက်ကို ရပြီးသွားတဲ့အခါ ဂိမ်းကို အနိုင်ရသွားတယ်။
အရေးကြီးတာက တစ်ခုပြီး တစ်ခု ရယူသွားရင်း ဂိမ်းသမားက အထာတွေ ပိုသိသွားအောင် လုပ်ပေးထားဖို့ လိုတယ်။ ပြီးတော့ သူကစားနေတာ တိုးတက်မှု ရှိကြောင်း သူ သိနေဖို့လည်း လိုတယ်။ သူ ဘယ်လောက်အထိ ရောက်နေပြီဆိုတာ အသိပေးနေရမယ်။ အဲဒါကို ညွှန်ပြပေးထားတာ စခရင်မှာ ရှိနေရမယ်။

အဲဒီလို တိုးတက်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်သမိုင်းမှာ တိရစ္ဆာန်တွေကို ယဉ်ပါးအောင်လုပ်တယ်။ အစာကျွေးမွေးတယ်။ ပြီးရင် ခိုင်းစားတယ်။ စားနပ်ရိက္ခာအဖြစ် အသုံးချတယ်။ ကာကွယ်ရေး လုပ်ခိုင်းတယ်။
အဲဒီဟာကို ဂိမ်းလုပ်ပေးပြီး ကစားခိုင်းတဲ့ ဂိမ်းတွေ ရှိတယ်။ ပြုစုစောင့်ရှောက်ပေးပြီး မွေးမြူတဲ့အလုပ်ကို ဂိမ်းကစားသူက လုပ်ကိုင်ပေးရတယ်။ ၂၀၀၅ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ Nintendogs ဟာ အဲဒီလို ဂိမ်းမျိုး ဖြစ်ပါတယ်။

နည်းနည်းလေး ဆန့်ထုတ်လိုက်ရအောင်။ ကိုယ်က ဇာတ်ကောင် role-playing character အဖြစ် ပါဝင်ကစားရတဲ့ ဂိမ်းမျိုးတွေ ရှိတယ်။ ဂိမ်းထဲမှ ဇာတ်ကောင်က ကိုယ့်ကို ကိုယ်စားပြုပေးထားတယ်။

သူနဲ့ ဂိမ်းကို ကစားရင်း ဂိမ်းထဲမှာ သူက ပိုရင့်ကျက်လာတယ်။ ပါဝါ ပိုတက်လာမယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး အချက်အလက်တွေ ပိုကောင်းလာမယ်။ ကစားသူကလည်း ဂိမ်းရဲ့ အထာတွေ ၀ှက်ဖဲတွေ ပိုသိလာ ပိုတတ်ကျွမ်းလာတယ်။
အဲဒီလို အဆင့်တက်ဖို့ အချိန်တွေ အကုန်ခံပြီး ကစားခဲ့ရတယ်။ စိတ်အပင်ပန်းခံပြီး ကစားခဲ့ရတယ်။ ထမင်းမေ့ ဟင်းမေ့ ကစားခဲ့ရတယ်။ အဲဒါတွေက ဂိမ်းသမားအတွက် တန်ဖိုးကို တိုင်းတာဖို့ ခက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေတယ်။ ဒီတော့ အဲဒီဂိမ်းကို ဆက်ကစားပြီး အဆင့်ထပ်တက်ဖို့ ကြိုးပမ်းအားထုတ်တယ်။ တစ်နည်းပြောရရင် ကိုယ့်ကို ကိုယ်စားပြုတဲ့ ဂိမ်းဇာတ်ကောင်ကို မွေးမြူတဲ့သဘော ဖြစ်ပါတယ်။


ကျွန်တော်တို့ နို့တိုက်သတ္တ၀ါတွေဟာ ကြီးပြင်းလာတဲ့အခါ ရင်ဆိုင်ရမယ့်ဟာတွေအတွက် အသင့်ဖြစ်နေဖို့ ဂိမ်းတွေကစားပြီး လေ့ကျင့်ကြတဲ့ သဘာဝ ရှိတယ်။ ထမင်းချက်တမ်း ကစားကြတယ်။ ဆရာမ လုပ်တမ်း ကစားကြတယ်။ ဆရာဝန် လုပ်တမ်း ကစားကြတယ်။ ဂိမ်းတွေထဲမှာလည်း ဘယ်လို ဆက်လက်သက်တင်ရှင်ကျန်ရမလဲဆိုတာကို အတွေ့အကြုံရယူပြီး သင်ယူကြတယ်။ မရောက်ဖူးသေးတဲ့ နေရာကို ရောက်သွားတယ်။ မလုပ်ဖူးသေးတာတွေကို လုပ်ကြည့်တယ်။ ဘယ်လို လုပ်ရမလဲဆိုတာ စမ်းကြည့်တယ်။ လုပ်တတ်သွားတဲ့အထိ သင်ယူတယ်။ အကြံဉာဏ်တွေနဲ့ စဉ်းစားပြီး ဖြေရှင်းတယ်။ ဂိမ်း ပြုလုပ်သူက ချမှတ်ပေးထားတဲ့ ကန့်သတ်ချက်တွေကြားထဲမှာ ဂိမ်းပြုလုပ်သူက ပေးထားတဲ့ အခြင်းအရာတွေကို သုံးစွဲပြီး ရင်ဆိုင်ဖြေရှင်းတယ်။ သူ့အနာဂတ်ဘ၀အတွက် အသစ်အဆန်းတွေကို တွေ့ကြုံရင် ဘယ်လို အဖြေရှာရမလဲဆိုတဲ့ အတတ်ပညာကို သူ တတ်မြောက်သွားတယ်ဆိုပါတော့။

Read times
Rate this item
(0 votes)