Epic Games Store ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲ

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ Fortnite ဂိမ်း ထုတ်လုပ်တဲ့ Epic Games နဲ့ Unreal game development engine တို့က Epic Games Store ကို

စတင်လိုက်ကြတယ်။ စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီးချိန်ကစလို့ မကျေမနပ် ပြောဆိုသံတွေ ထွက်ပေါ်နေခဲ့တယ်။ Valve ရဲ့ Steam ပလက်ဖောင်းမှာ ကစားနေကြတဲ့ ဂိမ်းမာ အများအပြားတို့ စိတ်ဆိုးကုန်ကြတယ်။ တကယ်တော့ Valve ရဲ့ Steam ပလက်ဖောင်းက PC ဂိမ်း ဈေးကွက်မှာ ဦးဆောင်နေရာကို ရထားပြီး ဂိမ်းအသစ်တွေ ချကျွေးပေးနေတဲ့ ပလက်ဖောင်းလည်း ဖြစ်ပါတယ်။ အခု အဲဒီပလက်ဖောင်းကနေ Epic Games Store ပလက်ဖောင်းကို ပြောင်းရွှေ့ပြီး ကစားရမယ့်သဘော ဖြစ်နေတာကို သဘောမကျကြဘူး။

တချို့ဂိမ်းတွေကို ကစားချင်ရင် စတိုးဆိုင်အသစ်မှာ လိုက်ရှာပြီး ကစားမှ ရမယ့်အခြေအနေကို ကြုံရတယ်။ ဒီတော့ ဆော့ဖ်ဝဲအသစ်ကို တင်ပြီးမှ ကစားလို့ရမယ်။ Epic က သူ့ရဲ့ အကြီးအကျယ် အောင်မြင်တဲ့ Fortnite ကို အသုံးချပြီး အခုလို လုပ်တာ မသင့်တော်ဘူးလို့ ဝေဖန်ကြတယ်။ တစ်ဆက်တည်းမှာပဲ Epic ရဲ့ ပိုင်ရှင်တွေဘက်ကို မြားဦးလှည့်ကြတယ်။ Epic ရဲ့ စီအီးအိုဖြစ်သူ Tim Sweeney ရယ်၊ Epic မှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံမှ ထိပ်ဆုံးနေရာ ရထားတဲ့ Tencent ရယ် ပူးပေါင်းပြီး မကောင်းကြံကြတာလို့ စွပ်စွဲပြောဆိုကြတယ်။

Epic က အခုလို စတိုးကို စတင်လိုက်ပေမဲ့ စတိုးမျက်နှာစာက တစ်ဝက်တစ်ပျက်ပဲ ပြီးသေးလို့ မကျက်တကျက်ကို စားရတဲ့ အရသာ ပေးနေလိမ့်မယ်ဆိုတာ ၀န်ခံတယ်။ မရည်ရွယ်ဘဲ လုပ်ထားမိတဲ့ အမှားတွေ ရှိနေတယ်လို့ စတိုးဆိုင်ကို တည်ဆောက်တဲ့ အဖွဲ့က ပြောကြားခဲ့တယ်။

စွပ်စွဲချက်တွေ ထွက်ပေါ်တာမှာ တစ်ခုက ဘာလဲဆိုတော့

Epic Games ကို ဘဏ္ဍာရေးထောက်ပံ့ထားတာ တရုတ်ကော်ပိုရေးရှင်းတစ်ခု ဖြစ်နေလို့ မယုံကြည်ရဘူး။ ကောက်ကျစ်စဉ်းလဲလိမ့်မယ်တဲ့။

နောက်ကြောင်း ပြန်လှည့်ကြည့်လိုက်တော့ ၂၀၁၂ ခုနှစ်မှာ တရုတ် မဟာကော်ပိုရေးရှင်းကြီး Tencent က အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားမှာ အခြေစိုက်တဲ့ Epic Games မှာ အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရင်းနှီးမြှုပ်နှံခဲ့တယ်။ အဲဒီအတွက် Epic Games ရဲ့ အစုရှယ်ယာ ၄၀% ကို Tencent က ပိုင်ဆိုင်သွားတယ်။ အဲဒီလို ပိုင်ဆိုင်သွားတဲ့အတွက် ဒါရိုက်တာဘုတ်အဖွဲ့မှာ အဖွဲ့ဝင်နေရာတချို့ကို Tencent က ရွေးချယ်တင်မြှောက်ခွင့် ရသွားတယ်။ Tencent က Ubisoft နဲ့ Riot Games အပါဝင် တခြားဂိမ်းလုပ်ငန်းတွေမှာလည်း အခုလိုပဲ အစုရှယ်ယာတွေ ၀ယ်ထားတယ်။

Tencent ရဲ့ CEO ဖြစ်သူ Pony Ma ဟာ ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်သူ ဖြစ်ပါတယ်။ သူက Unreal Tournament ရဲ့ အမာခံပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။


Epic ရဲ့ စီအီးအိုက ရှင်းပြခဲ့တာမှာ အခုလို ရှယ်ယာတွေ ၀ယ်ယူပိုင်ဆိုင်ထားတာ မှန်ပေမဲ့ Epic ကို ထိန်းချုပ်ထားခြင်း မရှိဘူး။ ကုမ္ပဏီမှာ ပြင်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပြီး Tencent က အများဆုံး ဖြစ်နေတာသာ ဖြစ်တယ်။ ဒါပေမဲ့ Epic ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူကမှ ၀င်မစွပ်ဖက်ဘူး။ Tencent က ဘာမှ ၀င်မပါဘူးဆိုတာ ပြောပြခဲ့တယ်။

နောက်ထပ် စွပ်စွဲချက်တစ်ခုက Epic Games Store ကို ထောက်လှမ်းရေး ရည်ရွယ်ချက်ဖြင့် ထူထောင်ခဲ့တာ ဖြစ်တယ်။ ဂိမ်းမာတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တရုတ်က ခိုးယူလိမ့်မယ်တဲ့။

ဂိမ်းကစားတဲ့ အချက်အလက်တွေ မှတ်တမ်းမှတ်ရာပြုထားရတာက ဂိမ်းကို ပိုင်ဆိုင်တဲ့သူတွေ၊ ဖန်တီးတဲ့သူတွေနဲ့ သဘောတူထားတဲ့ စာချုပ်တွေအရ ၀င်ငွေကို ခွဲဝေပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဲဒီလိုမျိုး လုပ်ကိုင်ကြတာ နှစ်ပေါင်း အတော်ကြာနေပြီလို့ ရှင်းပြပါတယ်။


နောက်ထပ် စွပ်စွဲချက်ကတော့ ဂိမ်းတချို့ကို Epic Games Store မှာပဲ ၀ယ်ယူနိုင်တာမို့ ဈေးတင်ပြီး ရောင်းလိမ့်မယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။

အဲဒီလို လုပ်ကိုင်ကြတာ ဂိမ်းလုပ်ငန်း လောကမှာ လုပ်နေကျ ဖြစ်ပါတယ်။ ကိုယ်ထုတ်တဲ့ဂိမ်းကို ကိုယ့်ဆီမှာပဲ ၀ယ်လို့ရအောင် လုပ်ထားပြီး ရောင်းချကြတယ်။ Epic Games Store ကလည်း 4A Games အတွဲစဉ်ရဲ့ တတိယမြောက်ဂိမ်း ဖြစ်တဲ့ Metro Exodus ကို သူ့ဆီမှာပဲ ၀ယ်လို့ရအောင် လုပ်ထားတယ်။ အဲဒီဂိမ်း မထွက်ခင် ကြိုမှာကြစဉ်တုန်းက Epic Games Store မဖွင့်သေးလို့ Valve မှာ ငွေပေးပြီး ကြိုမှာခဲ့ကြတယ်။ အဲဒီလို ကြိုမှာခဲ့တာတွေကို Epic Games Store က အသိအမှတ်ပြုပေးပေမဲ့ ကစားနေကျနေရာဖြစ်တဲ့ Valve မှာ ကစားလို့ မရတော့တာကြောင့် စိတ်မကောင်း ဖြစ်ကြတယ်။
Valve ကလည်း ဝေဖန်ပြောကြားခဲ့တယ်။ အခုလို လုပ်တာ မတရားကြောင်း၊ သူ့ဆီမှာ ဖောက်သည်ဖြစ်နေတဲ့ ကစားသမားတွေအပေါ် ခွဲခြားဆက်ဆံလိုက်တာဖြစ်ကြောင်း ပြောကြားခဲ့တယ်။

Epic Games အနေဖြင့် ၀က်ဝက်ကွဲ အောင်မြင်မှု ရထားတဲ့ ဂိမ်းတွေကို သူ့စတိုးဆိုင်မှာပဲ ရောင်းချလိုတယ်။ သူ့စတိုးဆိုင်မှာပဲ ကစားစေလိုတယ်။ ဂိမ်းထဲမှာ ၀ယ်တာခြမ်းတာတွေထံမှ ၀င်ငွေ ဒေါ်လာ သန်းချီပြီး ပုံမှန်ဝင်ငွေ အဖြစ် ရရှိနေမှာ ဖြစ်တယ်။ Obsidian ရဲ့ The Outer Worlds ၊ Gearbox Software ရဲ့ Borderlands 3 တို့ကို Epic Games Store မှာပဲ ရနိုင်မှာ ဖြစ်ပါတယ်။

ဂိမ်းဖန်တီးတဲ့ developer တွေ၊ ဂိမ်းထုတ်ဝေတဲ့ publisher တွေအနေဖြင့် သူတို့ရဲ့ ဂိမ်းတွေကို ဘယ်မှာ ချကျွေးရမလဲဆိုတာကို စဉ်းစားဆုံးဖြတ်ကြရတော့မှာ ဖြစ်ပါတယ်။ Valve မှာက ပရိသတ် အခိုင်အမာ ရှိပြီးသား ဖြစ်နေတယ်။ လူစုံတယ်။ ဒါပေမဲ့ ၀င်ငွေရဲ့ ၃၀ % ကို Valve က ယူတယ်။ Epic Games Store မှာကျတော့ အခုမှ စတာ လပိုင်းပဲ ရှိသေးတာ လူသိပ်မများသေးဘူး။ ဒါပေမဲ့ Epic က ၀င်ငွေရဲ့ ၁၂% ပဲ ယူတယ်။
ဒီတော့ ၀င်ငွေကို ခွဲပေးရတဲ့ပမာဏက နှစ်ဆကျော် သက်သာနေတယ်။

PC အတွက် Borderlands 3 ကို Epic Games Store မှာပဲ ရောင်းချပေးမှာ ဖြစ်ပြီး စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ online multiplayer game ကို Epic Games Store က နိုင်နိုင်နင်းနင်းဖြင့် လုပ်ဆောင်ပေးနိုင်မလားဆိုတာ ဖြစ်ပါတယ်။


အခုလို တစ်နေရာမှာပဲ ကစားလို့ရတဲ့စနစ်ကို ကျင့်သုံးတာ ကြာပါပြီ။ PlayStation 4 မှာပဲ ကစားလို့ရပြီး Xbox One မှာ ကစားလို့ မရတဲ့ ဂိမ်းတွေ ရှိပါတယ်။ အပြန်အလှန်အားဖြင့် Xbox One မှာပဲ ကစားလို့ရပြီး PlayStation 4 မှာ ကစားလို့ မရတဲ့ ဂိမ်းတွေလည်း ရှိပါတယ်။

နောက်ထပ် ပြစ်တင်ဝေဖန်ချက်ကတော့ Epic Games Store မှာ ရနိုင်မယ့် ဂိမ်းတွေက Steam နဲ့တကွ တခြားပလက်ဖောင်းတွေမှာ ရနိုင်တာထက် အများကြီး နည်းနေတယ်တဲ့။

အဲဒါ အမှန်ပါပဲ။ Epic Games Store က အခုမှ အစပျိုးတာဆိုတော့ ရနိုင်မယ့် ဂိမ်းတွေ မများသေးဘူးဆိုတာကို Epic က ၀န်ခံခဲ့ပါတယ်။ ပြီးတော့ Steam မှာ လုပ်လို့ရပေမဲ့ Epic မှာ လုပ်လို့မရနိုင်တာတွေလည်း ရှိနေတယ်။
ဘာတွေ မရနိုင်ဘူးလဲ

ဂိမ်းကစားနေရင်း cloud မှာ လှမ်းပြီး save တာကို အလိုအလျောက် လုပ်ပေးသွားတာ
မတူတဲ့ဂိမ်းတွေအတွက် user profiles တွေ သိမ်းဆည်းပေးထားတာ
ဂိမ်းမာက ဂိမ်းတွေကို review လုပ်တာ၊ အဲဒီ review တွေကို ပလက်ဖောင်းပေါ်မှာ share တာ
ဖိုရမ်မှာ ဂိမ်းမာတွေ ပါဝင်ခွင့် ရတာ
ဂိမ်းမာတွေက သူတို့ရဲ့ account တွေကို share တာ၊ သူတို့ ၀ယ်ထားတဲ့ဂိမ်းကို သူတို့ရဲ့ မိသားစုဝင်တွေကို share တာ
သူတို့ရဲ့ ဂိမ်းတွေကို တခြားကိရိယာတွေမှာ Stream လုပ်တာ


အဲဒီ feature တွေ Epic မှာ လောလောဆယ် မရနိုင်သေးဘူး။ စောင့်ရဦးမယ်။ အဲဒီလို စောင့်ရဦးမယ်ဆိုတာက စိတ်ပျက်စရာ ဖြစ်နေတယ်။

တကယ်တမ်း စဉ်းစားကြည့်ရင် Epic ရဲ့ Epic Games Store ဟာ လောလောဆယ်မှာ ဂိမ်းဖန်တီးတဲ့ developer တွေ၊ ဂိမ်းထုတ်ဝေတဲ့ publisher တွေအတွက်ပဲ ကောင်းနေတာ ဖြစ်နေတယ်။ သူတို့ ၀င်ငွေမှ ဖဲ့ပေးရတဲ့ ရာခိုင်နှုန်း ထက်ဝက်သက်သာတယ်။ ဒါပေမဲ့ ဂိမ်းမာတွေအဖို့တော့ ဘာမှ မထူးဘူး။ Steam မှာ ပေးချေရတဲ့အတိုင်းပဲ Epic မှာ ပေးချေရမှာ ဖြစ်နေတယ်။ ဒီတော့ ဘာလို့ Epic ပလက်ဖောင်းပေါ်မှာ ဂိမ်းကို အတင်းအကျပ် ၀ယ်ခိုင်းနေရတာလဲ။ Steam လို ပလက်ဖောင်း အပျံစားပေါ်မှာ ဘာလို့ ကစားခွင့် မပေးရတာလဲ။
ဂိမ်းမာတွေက ဘယ်လမ်းကို ရွေးချယ်မလဲ။ Epic မှာပဲ ကစားလို့ရမယ့်ဂိမ်းတွေကို ကျောခိုင်းလိုက်ဖို့ ရွေးချယ်ကြမလားဆိုတဲ့မေးခွန်းရဲ့ အဖြေ ဘယ်လိုလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Read 148 times
Rate this item
(0 votes)