ဆုကြေး သိန်း ၁၅၀ ကျော် ချီးမြှင့်မယ့် တက္ကသိုလ်ကျောင်းပေါင်းစုံမိုဘိုင်းဂိမ်းပြိုင်ပွဲ

ဆုကြေး သိန်း ၁၅၀ ကျော် ချီးမြှင့်မယ့် တက္ကသိုလ်ကျောင်းပေါင်းစုံမိုဘိုင်းဂိမ်းပြိုင်ပွဲ google.com
ရန်ကုန်မြို့ တက္ကသိုလ် ၁၆ ခုမှ ကျောင်းသားများပါဝင်ယှဉ်ပြိုင်ပြီး အမေရိကန်ဒေါ်လာ ၁၀၀၀၀ (ကျပ်သိန်း ၁၅ဝကျော်) ဆုချီးမြှင့်မည့် မိုဘိုင်းလ်ဂိမ်း ပြိုင်ပွဲကို
ဇူလိုင်လတွင်စတင်ကျင်းပမည် ဖြစ်ကြောင်း ယင်းပြိုင်ပွဲစီစဉ်ကျင်းပသည့် Game Cast Network Myanmar ထံမှ သိရှိရသည်။
 
ပြိုင်ပွဲကို ဇူလိုင် ၁ရက်မှ ဇူလိုင် ၁၇ရက်အထိ သက်ဆိုင်ရာကျောင်းများ တွင် စတင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးဩဂုတ်လ ၉ရက်မှ ၁၁ရက်တွင် နောက်ဆုံးအဆင့်ကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ဇွန်လ ၂၇ ရက်က ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းခဲ့သည်။
 
တက္ကသိုလ်များတွင် ဂိမ်းကစားခြင်းသည် အားကစားတစ်ခုအဖြစ် ပါဝင်လာနိုင်ရန် ရည်ရွယ်ပြုလုပ်သော ပြိုင်ပွဲ ဖြစ်ပြီး ယင်းပြိုင်ပွဲကို သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ်များကလည်း အသိအမှတ်ပြု ခွင့်ပြုထားပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
 
Game Cast Network Myanmar မှ တာဝန်ရှိသူတစ်ဦးဖြစ် သည့် ဦးစိုးမိုးအေးက “ဒါက ကျောင်းသားတွေအတွက် Relax တစ်ခုပေါ့။ ဒီလိုမျိုး ခွင့်ပြုပေးလိုက်ခြင်းအားဖြင့် ဂိမ်းကို အလွန်အကျွံစွဲလမ်းတယ်ဆိုတာမျိုးတွေ မရှိတော့ဘဲ အချိန်တစ်ခုနဲ့ သေချာ စနစ်တကျ ဆော့လာမယ်” ဟုပြောကြားသည်။
 
ယင်းပြိုင်ပွဲဝင်ရန် သက်ဆိုင်ရာ 'ကျောင်းများရှိ ကျောင်းသားများသမဂ္ဂ၊ E-Sport Clubs နှင့် အွန်လိုင်းမှလည်း အခမဲ့စာရင်းပေးနိုင်သည်။ ပြိုင်ပွဲတွင် မိုဘိုင်းလ်ဖုန်း သီးသန့်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကျောင်းသားများထံမှ ကစားပွဲထူးချွန်သူများကို သီးသန့် ဆုကြေးများခွဲ၍ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။ 
 
မြန်မာနိုင်ငံတွင်ဂိမ်းပြိုင်ပွဲများကို ၂၀၁၆ တွင် လူသိများလာကြပြီး ကွန်ပျူတာဂိမ်းပြိုင်ပွဲများကို ကျင်းပလာကြသည်။ နောက်ပိုင်းတွင် Mobile ဂိမ်းများပါ ပါဝင်လာကြသည်။  မြန်မာနိုင်ငံမှ E-Sports အားကစားသမား နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်လျက်ရှိပြီး ယှဉ်ပြိုင်မှု အားကောင်းသော အားကစားသမားများအနေဖြင့် သတ်မှတ်ခံထားရသည်။
 
The Voice Daily
Read times
Rate this item
(1 Vote)