Espoorts မြို့ တော်ဖြစ်လာမည့် ဟိုင်းနန်ကျွန်း

ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ပြည်သို့ စစ်ပညာသင်ရန် အသွားခရီးတွင် ခရီးတစ်ထောက် ရောက်ခဲ့သည့် ဟိုင်းနန်ကျွန်းကို အာရှ၏ Esports မြို့တော်ဖြစ်အောင် ပြောင်းလဲဖို့ အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၆ သန်း သုံးစွဲမည့် စီမံကိန်းကို ဟိုင်းနန်ကျွန်း ဒေသဆိုင်ရာ အာဏာပိုင်တို့က ထုတ်ပြန်ကြေညာသည်။

 

Esports ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့်အတူ ဖွံ့ဖြိုးရေး စီမံကိန်း အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ကြေညာသည်။ ပင်ကိုအရည်အချင်းရှိသည့် ကစားသမားများ ပျိုးထောင်ခြင်း၊ အခွန်အခများ၊ နိုင်ငံတကာ ဗီဇာ လျှောက်ထားခြင်း၊ တံခွန်စိုက် ပြိုင်ပွဲများ ကျင်းပခြင်း၊ အွန်လိုင်းတွင် ပွဲစဉ်များ ထုတ်လွှင့်ခြင်း စသည့် အချက်များ ပါသည်။
စီမံကိန်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၆ သန်းကို ဟိုင်းနန်ကျွန်းပေါ်တွင် Esports မြို့တော် တည်ဆောက်ရန်၊ Esports ကုမ္ပဏီများကို ထောက်ကူရန်၊ ဟိုင်းနန်းကျွန်း အခြေစိုက် တံခွန်စိုက်ပြိုင်ပွဲများကို နိုင်ငံတကာအဆင့် ထိပ်တန်းကစားသမားအဖွဲ့များဖြင့် ကျင်းပရန်တို့အတွက် သုံးစွဲမည် ဖြစ်သည်။ ပြိုင်ပွဲများအနေဖြင့်
The future Tencent Global Esports Arena (TGA) Winter Championship,
League of Legends Annual Summit,
Tencent Digital Culture Festival
တို့ကို ဟိုင်းနန်တွင် ကျင်းပသွားမည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဟိုင်းနန်ကျွန်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် Tencent Holdings တို့ ကြီးမှူးကျင်းပသည့် Tencent Global Esports Annual Summit ကို ဟိုင်းနန်ကျွန်းရှိ Hainan Boao Asia International Conference Center တွင် ကျင်းပခဲ့သည်။ ၎င်း Esports ထိပ်သီးအစည်းအဝေးတွင် တရုတ်နှင့် အနောက်နိုင်ငံများမှ Esports ဦးဆောင်အသင်းများ၊ တံခွန်စိုက်ပြိုင်ပွဲ ကျင်းပသူများနှင့် Tencent မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အနာဂတ် အစီအစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

တရုတ်အစိုးရမှ Esports ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးထားပြီး ဟိုင်းနန်ကျွန်းကို ကမ္ဘာ့ Esports ဆိပ်ကမ်းမြို့တော် ဖြစ်အောင် ပြောင်းလဲရမည် ဖြစ်သည်။

Esports ပင်ကို စွမ်းရည် ရှိသူများ ပြုစုပျိုးထောင်ရန် “Hainan Esports Thousands Talent” စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သည်။ ထူးချွန်သည့် Esports ကစားသမားများကို အစိုးရမှ အခွင့်အရေးများ ပေးမည်ဖြစ်ရာ အိမ်ဝယ်ရန် ခံစားခွင့်များ၊ အဆင့်မြင့်ပညာရေး သင်ယူရန် ပညာသင်စရိတ် ထောက်ပံ့ခြင်းများ အစရှိသည်တို့ကို ပံ့ပိုးမည်။
အခွန်နှုန်းထားအနေဖြင့် ဟိုင်းနန်သည် တရုတ်နိုင်ငံ၏ ၁၂ခု မြောက် လွတ်လပ်ကုန်သွယ်ဇုန် ဖြစ်လာမည်။ အကောက်ခွန်နှုန်းထား သုည သတ်မှတ်ပေးပြီး အခြားအခွန်များကိုလည်း အနည်းငယ်သာ ကောက်ခံမည်။ ထိုခံစားခွင့်ကို Esports ကုမ္ပဏီများ ရရှိကြမည် ဖြစ်သည်။
နိုင်ငံတကာ ဗီဇာ လျှောက်ထားခြင်းအတွက် ဟိုင်းနန်ကျွန်းကို visa-free အလည်အပတ်ခရီးစဉ်များ ဖော်ဆောင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ကြေးစား esports ကစားသမားများအနေဖြင့် visa free အစီအစဉ်ကို ရရှိမည်။ ထို့အတွက် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အပါအ၀င် ၅၉ နိုင်ငံမှ ကြေးစား esports ကစားသမားများသည် ဗီဇာ ယူရန် မလိုဘဲ ဟိုင်းနန်ကျွန်းကို ခြေချ၍ ရမည်ဖြစ်သည်။ လိုအပ်ပါက နောက်ထပ်နိုင်ငံများ ထည့်သွင်း သတ်မှတ်ပေးသွားမည်။

Esports တံခွန်စိုက် ပြိုင်ပွဲများအတွက် ခွင့်ပြုမိန့်ကို အလွယ်ဖြင့် ရယူနိုင်အောင် စီစဉ်ပေးထားမည်ဖြစ်ပြီး နိုင်ငံတကာ esports ပွဲများ ကျင်းပရန်အတွက် အဆင်ပြေအောင် ဘက်စုံထောင့်စုံမှ စီစဉ်ပေးထားမည်။

ဟိုင်းနန် esport ဆိပ်ကမ်းကို နိုင်ငံတကာခရီးသွားလုပ်ငန်းကဏ္ဍနှင့် အချိတ်အဆက် လုပ်ထားပြီး “Tourism + Esports” ပုံစံဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားမည် ဖြစ်သည်။

“Tencent Esports Country Development 2.0” အတွက် တံခွန်စိုက် ပြိုင်ပွဲများ၊ ပညာရေး၊ လုပ်ငန်းကဏ္ဍ၊ စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေးနှင့် esports ယဉ်ကျေးမှု ဟူသည့် ကဏ္ဍ ငါးရပ်ဖြင့် esport ဖွံ့ဖြိုးရေးကို ဆောင်ရွက်သည်။

 

ictdirectory.com.mm

 

 

Read times
Rate this item
(0 votes)