Fortnite World Cup ရဲ့ မီလျံနာ player များ

Epic Games မှ ကြီးမှူးကျင်းပတဲ့ Fortnite World Cup ရဲ့ ဗိုလ်လုပွဲတွေကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ အားကစားရုံကြီးတစ်ခုမှာ ခင်းကျင်းပြီး ကျင်းပသည်။

အနိုင်ရသူအား ပေးအပ်သည့် ဆုကြေးသည် Wimbledon တင်းနစ် ချန်ပီယံတို့ ရသည့် ဆုကြေးထက် ပိုများသည်။

အွန်လိုင်းပြိုင်ပွဲတွင် ဂိမ်းကစားသူဦးရေ သန်း လေးဆယ်တို့ ၁၀ ပတ်ကြာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးသည့်နောက် နောက်ဆုံးဗိုလ်လုပွဲအဆင့်သို့ ဂိမ်းကစားသူ ၁၀၀ ဦးသာ တက်ခွင့်ရသည်။ ထို ဂိမ်းမာ ၁၀၀ ထဲမှ အနိုင်ရသူအား ဆုကြေး အမေရိကန်ဒေါ်လာ သုံးသန်း ချီးမြှင့်သည်။

ဆုကြေးအမျိုးမျိုး စုစုပေါင်းသည် အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိပေရာ e-sports ပွဲကြီးပွဲကောင်းများတွင် အများဆုံးအဖြစ် စံချိန်တင်သည်။ သို့သော် စံချိန်သစ်သည် ကြာကြာခံမည် မဟုတ်။ သြဂုတ်လတွင် ကျင်းပတော့မည့် နှစ်စဉ်ကျင်းပနေကျ DOTA 2 တံခွန်စိုက်ပြိုင်ပွဲကြီးတွင် ပေးအပ်မည့် ဆုကြေးပမာဏက ပိုများနေသဖြင့် DOTA 2 tournament က စံချိန်သစ် ထပ်တင်ဦးမည်။

Finalist အဖြစ် ဇကာတင်သူတိုင်းသည် အနည်းဆုံးအနေဖြင့် ဆုကြေး အမေရိကန်ဒေါ်လာ ငါးသောင်း ရသည်။ တတိယနှင့် စတုတ္ထ ရကြသူတို့သည် ရရှိသည့် ဆုကြေးကြောင့် မီလျံနာ အဖြစ်သို့ ရောက်သည်။

 

ဂိမ်းမာများသည် ဆယ်ကျော်သက်များ ဖြစ်ကြသည်။ Finalist player ဖြစ်သော Benjy သည် အသက် ၁၄ နှစ် ရှိသူ ဖြစ်သည်။ ဂိမ်းကစားသည့်အခါ Benjyfishy အမည်ဖြင့် ကစားသည်။ သူသည် ဗြိတိန်မှာ နေထိုင်သူ ဖြစ်သည်။ ပြီးခဲ့သည့် ငါးလတာအတွင်း တစ်နေ့ ၈ နာရီ လေ့ကျင့်ခဲ့သည်။ ဆုကြေးကို သူ့မိသားစုအတွက် အိမ်ဝယ်ပေးမည်ဟု သူက ဆိုသည်။ သူက စိတ်လှုပ်ရှားနေကြောင်းလည်း ၀န်ခံသည်။
“ဒီမှာ လာကစားရတာ ကွာခြားတယ်။ စင်မြင့်ပေါ်မှာ တက်ပြီး ကစားရတယ်။ အခုလို စင်မြင့် အကြီးကြီးပေါ်မှာ တစ်ခါမှ မကစားဖူးတော့ စိတ်တွေ လှုပ်ရှားနေတယ်။ အိမ်မှာ အိပ်ခန်းထဲ ထိုင်ကစားပြီး ၀င်ပြိုင်တယ်။ စိတ်လှုပ်ရှားပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံတယ်။ ကျွန်တော် အများကြီး လေ့ကျင့်ထားတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်မှာ တစ်နေ့ ၁၂ နာရီလောက် ကျွန်တော် လေ့ကျင့်ခဲ့တယ်”
ဗြိတိန်မှာ နောက်ထပ် Finalist player တစ်ဦးမှာ Kyle ဖြစ်ပြီး သူ့အသက်မှာ ၁၄ နှစ် ဖြစ်သည်။ ဂိမ်းကစားသည့်အခါ Mongraal အမည်ဖြင့် ကစားသည်။ ၁၃ နှစ်သားတွင် pro player အဖြစ် ရောက်ခဲ့သည်။
“လူတွေက ပေါ့ပေါ့တန်တန် ကစားကြတာလို့ ထင်နေကြတယ်။ အဲဒီလို မဟုတ်ဘူး။ အရည်အချင်း ရဖို့ အများကြီး လုပ်ထားရတယ်။ ဂိမ်းကို အပျော်ကစားတာမျိုး မဟုတ်ဘူး။ ဒီမှာ အခုလို လာပြိုင်ရတဲ့အဆင့်ကို ရောက်ဖို့ တစ်နေ့ ၈ နာရီကနေ ၁၀ နာရီအထိ ကျွန်တော် ကစားခဲ့တယ်”
လို့ Kyle က ပြောပြတယ်။


Epic Game က e-sports လောကထဲ လှိုင်းလုံးကြီးများကို လွှတ်သည်။ ၂၀၁၈ ခုနှစ်တွင် တစ်နှစ်တာ ပြိုင်ပွဲများအတွက် ဆုကြေးစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။ အခြား ဂိမ်းပြိုင်ပွဲများ၏ ဆုကြေးပမာဏများကို သေးငယ်သွားစေခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပြိုင်ပွဲတစ်ခုတည်း အတွက် ဆုကြေးစုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃၀ ချီးမြှင့်ပြီး စံချိန်တင်သည်။
ဆိုခဲ့ပြီးသည့်အတိုင်း စံချိန်သစ်သည် ကြာကြာခံမည် မဟုတ်။ န၀မ အကြိမ်မြောက် နှစ်စဉ် DOTA 2 တံခွန်စိုက်ပြိုင်ပွဲကြီးကို နောက်လတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပမည်။ ဆုကြေးစုစုပေါင်းက သန်း ၃၀ ဒသမ ၂ ချီးမြှင့်မည် ဖြစ်ရာ နောက်ထပ် ဆုကြေးစံချိန်သစ်တစ်ခု ဖြစ်ပေါ်ဦးမည်။
Source BBC

Read times
Rate this item
(0 votes)