ဆယ်ကျော်သက် ဂိမ်းမာ Bugha ဒေါ်လာ ၃ သန်း ဆွတ်ခူး

တနင်္ဂနွေနေ့က ကျင်းပပြီးစီခဲ့တဲ့ Fortnite ကမ္ဘာ့ချန်ပီယံပွဲမှာ အနေရိကန်နိုင်ငံမှ ဆယ်ကျော်သက် ဂိမ်းမာ Bugha (အမည်ရင်း Kyle Giersdorf ) က

တစ်ကိုယ်တော solo မှာ ချန်ပီယံဆု ရရှိခဲ့လို့ ဆုကြေး အမေရိကန်ဒေါ်လာ ၃ သန်း ဆွတ်ခူးခဲ့ပါတယ်။
ဒုတိယနေရာကို အသက် ၂၄ နှစ် ရှိသူ Harrison "Psalm" Chang က ရရှိခဲ့ပါတယ်။ သူက Fortnite ကမ္ဘာ့ချန်ပီယံပွဲမှာ အသက်အကြီးဆုံး ကစားသမား ဖြစ်ပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ရရှိပါတယ်။ တတိယနေရာကို အသက် ၁၆ နှစ် ရှိသူ Shane "Epikwhale" Cotton က ရရှိပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကို ဆွတ်ခူးခဲ့ပါတယ်။ စတုတ္ထနေရာကို အသက် ၁၈ နှစ် ရှိသူ Nate "Kreo" Kou က ရရှိခဲ့ပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ သန်း ရရှိပါတယ်။

ပထမမှ စတုတ္ထအထိ ဆုရရှိသူတွေ အားလုံးဟာ အမေရိကန်နိုင်ငံမှ လူငယ်များ ဖြစ်ကြပါတယ်။ ပဉ္စမနေရာ ဆုကြေး အမေရိကန်ဒေါ်လာ ၉ သိန်းကိုတော့ King ဆိုတဲ့အမည်ဖြင့် ကစားတဲ့ Thiago Lapp ရရှိခဲ့တယ်။ သူ့အသက်က ၁၃ နှစ်ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံမှ ဖြစ်ပါတယ်။ Fortnite ကမ္ဘာ့ချန်ပီယံပွဲရဲ့ အသက်ကန့်သတ်ချက်အရ အနည်းဆုံး အသက် ၁၃ နှစ်ရှိမှ ကစားခွင့် ရှိပါတယ်။
နောက်ဆုံးအဆင့်ပွဲကို ၀င်ပြိုင်ဖို့ အရည်အချင်းမီသူတိုင်းဟာ တစ်မှတ်မှ မရရင်တောင် အနည်းဆုံး ဆုကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ငါးသောင်း ရရှိကြပါတယ်။

 

အွန်လိုင်း ဗီဒီယိုဂိမ်း Fortnite ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Fortnite ကမ္ဘာ့ချန်ပီယံပွဲကို ဂိမ်းမာ သန်း ၄၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၁၀ ပတ်ကျော်ကြာအောင် အွန်လိုင်းပြိုင်ပွဲမှာ ကစားခဲ့ကြတယ်။ နောက်ဆုံးအဆင့်သို့ duo နှစ်ယောက်တွဲ အတွဲ ၅၀ နဲ့ တစ်ကိုယ်တော် solo ၁၀၀ ဦးတို့ ရောက်ရှိခဲ့ကြတယ်။ သူတို့ကို ကျွန်းတစ်ကျွန်းပေါ်မှာ ချပေးပြီး ရှိနေတဲ့ လက်နက်တွေ ပစ္စည်းတွေနဲ့ ပြိုင်ဘက်တွေကို ချေမှုန်းရတယ်။ နောက်ဆုံးကျန်တဲ့ တစ်ယောက်က ကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။

စုစုပေါင်း ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် စုစုပေါင်းဆုကြေး ပမာဏ စံချိန်သစ် တင်တဲ့အပြင် solo ကစားသမားကို အမေရိကန်ဒေါ်လာ ၃ သန်း ချီးမြှင့်တာဟာလည်း စံချိန်သစ် ဖြစ်ပါတယ်။

အခုလို အနိုင်ရရင် ဆုကြေး သန်းချီ ပိုက်ပြီး အိမ်ပြန်ကြရာတာမို့ Esports ဟာ သက်မွေးအလုပ်တစ်ခုအဖြစ် ကစားလာကြတယ်။

Esports ရဲ့ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေရဲ့ ၀င်ငွေဟာ ၂၀၁၉ ခုနှစ် မကုန်သေးခင်မှာပဲ အမေရိကန်ဒေါ်လာ ၁ ဒသန ၁ သန်း ရရှိထားပြီးပြီ ဖြစ်ပါတယ်။ ကြော်ငြာတွေ၊ စပွန်ဆာတွေ၊ မီဒီယာ ဖော်ပြခွင့်တွေထံမှ ယခုလို ၀င်ငွေမျိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုနဲ့ အီလက်ထရွန်းနစ် ဂိမ်း ကမ္ဘာ့ဈေးကွက်ဟာ esports မပါ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၁ ဘီလျံ ရှိပါတယ်။

"Fortnite" ဟာ ရေပန်းအစားဆုံး ဂိမ်းတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီး စာရင်းသွင်းပြီး ကစားသူ သန်း ၂၅၀ ကျော် ရှိပါတယ်။ အခမဲ့ ကစားခွင့် ပေးထားတဲ့ ဂိမ်းဖြစ်ပြီး iPhone, Android, Xbox One, PlayStation 4, Nintendo Switch, PC နဲ့ Mac တို့ဖြင့် ကစားလို့ ရအောင် စီစဉ်ပေးထားတယ်။

Epic Games ကုမ္ပဏီမှ Fortnite ဂိမ်းကို ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့ပြီ ၂၀၁၈ ခုနှစ်မှာ ဂိမ်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ဖြစ်လာခဲ့ပါတယ်။ ပြိုင်ဘက်ဂိမ်းတွေက Electronic Arts Inc ရဲ့
Apex Legends နဲ့ Tencent Holdings ရဲ့ PlayerUnknown’s Battlegrounds (PUBG) တို့ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)