PUBG နဲ့ Fortnite ဘယ်လို ပြိုင်ဆိုင်နေကြသလဲ

PUBG နဲ့ Fortnite ဘယ်လို ပြိုင်ဆိုင်နေကြသလဲ google.com
PlayerUnknown's Battlegrounds ကို လုပ်ကိုင်တဲ့  PUBG Corp က Fortnite ကို ထုတ်လုပ်တဲ့ Epic Games ကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းက တရားစွဲခဲ့ဖူးတယ်။
အဲဒီ အွန်လိုင်းဂိမ်း နှစ်ခုဟာ အပြိုင်အဆိုင် ပြုနေတဲ့ ဂိမ်း နှစ်ခု ဖြစ်ကြလို့ မသင့်မမြတ် ဖြစ်ကြမယ်လို့ ထင်ကြရတယ်။ တစ်ချိန်တုန်းက တရားစွဲတဲ့အထိ ဖြစ်ခဲ့ပေမဲ့လည်း ယခုအခါမှာတော့ အကောင်းဆုံး လက်တွဲဖော်တွေ ဖြစ်နေကြကြောင်း  PUBG Corp. ရဲ့ စတူဒီယို ဒါရိုက်တာ Brian Corrigan က " လူအများက Epic နဲ့ ကျွန်တော်တို့အကြား ရန်လိုကြမယ်လို့ ယူဆစရာ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အကောင်းဆုံး လက်တွဲဖော်တွေ ဖြစ်နေကြပြီး ကျွန်တော်တို့အကြား ဆက်သွယ် ပြောဆိုမှုတွေလည်း အမြဲမပြတ် ရှိနေပါတယ်" လို့ ရှင်းပြပါတယ်။ 
 
Epic Games နဲ့ PUBG Corp တို့ အကြား ဆက်ဆံရေးက ရှုပ်ထွေးတယ်။ ၂၀၁၇ ခုနှစ်တုန်းက Epic Games ကို PUBG Corp က တရားစွဲဆိုခဲ့တယ်။ အဓိက အကြောင်းရင်းက Epic Game က ထုတ်လုပ်လိုက်တဲ့  ဂိမ်းအသစ်ဖြစ်တဲ့ Fortnite ဂိမ်းက PUBG Corp ထုတ်လုပ်တဲ့  PlayerUnknown's Battlegrounds နဲ့ ဆင်ဆင်တူနေတာတွေ ပါဝင်နေလို့ ဖြစ်ပါတယ်။  ဂိမ်း နှစ်ခုစလုံးက  battle royale mode   ဖြစ်နေတာကြောင့် ဆင်ဆင်တူတာတွေ ရှိနေမှာပဲ ဖြစ်ပါတယ်။ 
 
Battle royale ဘယ်ကလာ 
 
Battle Royale ဟာ ထင်ရှားအောင်မြင်တဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကား ဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်မှာ ရုံတင်ပြသတယ်။ ကားက ရက်စက်ကြမ်းကြုတ်လို့ R-15 အဆင့် သတ်မှတ်ခံရတယ်။ ဂျပန်နိုင်ငံမှာ အခုလို အဆင့်မျိုး သတ်မှတ်ခံရတဲ့ ရုပ်ရှင် အတော် ရှားပါးပါတယ်။  ပြည်ပနိုင်ငံတွေကို ဖြန့်ချိတဲ့အခါမှာလည်း အချို့နိုင်ငံတွေက ပြသခွင့် မပေးဘဲ ပိတ်ပင်ခံရပါတယ်။ ဒါပေမဲ့ ပြသခွင့် ရတဲ့နိုင်ငံတွေမှာ လူကြည့်များတဲ့ ရုပ်ရှင် ဖြစ်ခဲ့ပြီး လူသိလည်း များခဲ့ပါတယ်။ မိခင်နိုင်ငံ ဂျပန်မှာ စတင်ပြသတော့ ခြောက်ပတ်တာအတွင်း ၀င်ငွေအများဆုံး စံချိန်သစ် တင်တယ်။ ပြသတဲ့ ရှစ်နိုင်ငံမှာတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀ သန်း ၀င်ငွေ ရရှိခဲ့တယ်။  နောက်တော့ နိုင်ငံပေါင်း ၂၂ နိုင်ငံအထိ ပြသခဲ့တယ်။ 
 
ဇာတ်လမ်းက ဂျပန်အစိုးရက "BR ACT” ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ လူငယ်တွေကို ကိုင်တွယ်တယ်။ ကျောင်းသူကျောင်းသားတွေကို ကျွန်းတစ်ကျွန်းပေါ် ပို့ထားလိုက်ပြီး "BR ACT” ဥပဒေအရ နှစ်စဉ် Battle Royale မှာ ပါဝင်ရမယ်ဆိုပြီးပြောပြတယ်။ အဲဒီ Battle Royale က ဘာလုပ်ရမှာလဲဆိုတော့ အချင်းချင်း သတ်ဖြတ်သုတ်သင်ကြရတာ ဖြစ်ပြီး နောက်ဆုံး အသက်မသေဘဲ ကျန်တဲ့သူက အနိုင်ယူဗိုလ်ဆွဲမှာ ဖြစ်ပါတယ်။ အချိန် ၃ ရက်ပေးတယ်။ သူတို့ကို ရိက္ခာ၊ ရေ၊ ကျွန်းမြေပုံ၊ သံလိုက်အိမ်မြောင်၊ ဓာတ်မီးနဲ့  လက်နက်တို့ ပေးထားတယ်။ 
 
အဲဒီ စိတ်ကူးအရ ဖန်တီးထားတဲ့ ဂိမ်းတွေကို ဂိမ်းလောကမှာ  battle royale mode  လို့ ပြောဆို သတ်မှတ်ကြတယ်။ အွန်လိုင်း ဂိမ်းထဲမှာ ဂိမ်းမာတွေ တစ်ဦးချင်းစီဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ တိုက်ခိုက်ချေမှုန်းကြတယ်။ နောက်ဆုံးမသေဘဲ ကျန်တဲ့သူ ကျန်တဲ့အဖွဲ့ အနိုင်ရတယ်။ ပါဝင်ကစားသူတွေ ရာနဲ့ချီပြီး ကစားကြတယ်။ စစချင်းမှာ မဖြစ်စလောက် လက်နက်ပဲ ပေးထားတယ်။ ကစားရင်း လက်နက်တွေ ၀ယ်တယ်။ ရှာဖွေတွေ့ရှိတာကနေ ရတယ်။ တခြားသူကို သတ်ဖြတ်ပြီး ရတာမျိုးလည်း ရှိမယ်။  စစချင်းမှာ ကစားရတဲ့ ဧရိယာက ကျယ်တယ်။ ကစားရင်း ကျဉ်းလာတယ်။ ပြိုင်ဘက်တွေ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံ အောင် ဂိမ်းက ဖန်တီးပေးတယ်။  ဂိမ်းမှာ တစ်ခါပဲ သေခွင့် ရှိတယ်။  တချို့ဂိမ်းတွေလို အသက်ကို တစ်ကြိမ်မက ပြန်ရှင်ခွင့် ပေးထားမျိုး မဟုတ်ဘူး။ PlayerUnknown's Battlegrounds, Fortnite Battle Royale နဲ့ Apex Legend တို့ဟာ ထင်ရှားတဲ့ battle royale ဂိမ်းတွေ ဖြစ်ပါတယ်။ 
 
Battle royale ဂိမ်းတွေအကြား အဆင်အကွက် ဆင်ဆင်တူကြတာဟာ ဂိမ်းရဲ့ သဘာဝ တူနေကြလို့ ဖြစ်ပါတယ်။ PUBG က  Epic Game အပေါ် ပုံတူကူးတဲ့သဘောဖြင့် စွပ်စွဲပြီး တရားစွဲဆိုထားတာကို ရုပ်သိမ်းခဲ့တယ်။  နောက်တော့ ကုမ္ပဏီ နှစ်ခုအကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာတယ်။  PUBG Corp ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Bluehole က  Epic Game  ရဲ့ Unreal Engine development tool ကို သုံးစွဲခွင့် လိုင်စင်ရယူပြီး သုံးစွဲတယ်။ နောက်ထပ် ထူးခြားချက် တစ်ခုက ကုမ္ပဏီနှစ်ခုစလုံးမှာ တရုတ်နိုင်ငံရဲ့ ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်တဲ့ Tencent က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 
 
PUBG ရဲ့ Battle Royale mode ကနေ စိတ်ကူးစိတ်သန်းတွေ ရရှိပြီး Fortnite ကို ဖန်တီးခဲ့ကြောင်း Epic Game လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သလို PUBGကလည်း  Fortnite ဆီမှ တချို့စိတ်ကူးတွေ ရယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။  Fortnite ကို  update တွေ လုပ်ပေးတဲ့အခါ  ရုပ်ရှင်သံကြား ဇာတ်လမ်းင်္တွဲ တွေလိုမျိုး ရာသီအပိုင်းအခြား Season သတ်မှတ်ပြီး လုပ်ကိုင်တာကို ရေပန်းစားအောင်  Epic Game က လုပ်ဆောင်တယ်။ အဲဒါကို PUBG က အတုယူပြီး Season သတ်သတ်မှတ်မှတ်ဖြင့် ဂိမ်းကို update တွေ လုပ်ပေးတာ စတုတ္ထရာသီအပိုင်းအခြားကို ရောက်ရှိပြီ ဖြစ်ပါတယ်။ 
 
ဂိမ်းမာ အရေအတွက် ကို ကြည့်ရင် PUBG Mobile မှာ ကစားသူဦးရေ သန်း ၄၀၀ ရှိပြီး နေ့စဉ်နေ့တိုင်း ကစားသူဦးရေ သန်း ၅၀ ရှိပါတယ်။ မိုဘိုင်းဂိမ်းမှာ PUBG က Fortnite ကို ၂၀၁၉ ခုနှစ် ဇွန်လဆန်းမှာ ကျော်တက်ခဲ့ပါတယ်။ 
 
Fortnite မှာ စာရင်းပေးထားတဲ့ ကစားသမားဦးရေဟာ ၂၀၁၉ ခုနှစ်မှာ သန်း ၂၅၀ ၀န်းကျင် ရှိပါတယ်။
 
Read times
Rate this item
(2 votes)