ကမ္ဘာ့ပထမဆုံး ခေါက်ချိုးလက်ပ်တော့ကို ပြသလိုက်တဲ့ Lenovo

ကမ္ဘာ့ပထမဆုံး ခေါက်ချိုးလက်ပ်တော့ကို ပြသလိုက်တဲ့ Lenovo google.com
ခေါက်ချိုးဖုန်းတွေ ပြီးတော့ ခေါက်ချိုးကွန်ပျူတာတွေ မြင်ရပါတော့မယ်။ တရုတ်နည်းပညာကုမ္ပဏီ
Lenovo က ခေါက်ချိုးလက်ပ်တော့တလုံးကို ယနေ့ ပြသလိုက်ပါတယ်။ ကမ္ဘာ့ပထမဆုံး ခေါက်ချိုး PC ဆိုပြီး ပြသခဲ့တာပါ။ ရှေ့ပြေးမော်ဒယ်အဆင့်ပဲ ရှိသေးတာကြောင့် နာမည်တော့ မပေးရသေးပါဘူး။ ၂၀၂၀ လောက်မှာ ThinkPad X1 စီးရီးအနေနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ Intel Processors သုံးထားပြီး၊ Windows စနစ်နဲ့ ဖြစ်မယ်ဆိုတာကလွဲလို့ ကျန်တဲ့ Specs တွေလည်း မသိရသေးပါဘူး။
 
ဘာမှ မသိရသေးဘူးဆိုပေမယ့် ဒီဇိုင်းကိုတော့ မျက်ဝါးထင်ထင် မြင်ရပြီဖြစ်ပါတယ်။ ပုံစံမျိုးစုံ သုံးနိုင်တဲ့ စိတ်ဝင်စားစရာ ဒီဇိုင်းပါ။ LG က ထုတ်ပေးထားတဲ့ 13.3-inch 2K OLED Display ပါဝင်ပြီး၊ ခေါက်လိုက်ရင် မှတ်စုစာအုပ်တအုပ် အရွယ်ပဲ ရှိပါလိမ့်မယ်။
 
ဒီ ခေါက်ချိုးလက်ပ်တော့ကို ထုတ်ဖို့ လုပ်နေတာ ၃ နှစ်ကျော် ကြာနေပြီဖြစ်တယ်လို့ Lenovo က ဆိုပါတယ်။ တက်ဘလက်လို အရန်၊ အစားထိုး Device အစား တကယ့် PC တလုံးလို သုံးနိုင်မှာပါ။ အပေါ်ခြမ်းနဲ့ အောက်ခြမ်းမှာ ဘက်ထရီတခုစီ ပါရှိပြီး၊ ဖြန့်ထားချိန်မှာ တက်ဘလက်အကြီးစားတခုလို သုံးနိုင်ပါတယ်။
 
တခြမ်းလောက် ခေါက်ပြီး စာအုပ်တအုပ်လိုလည်း သုံးနိုင်ပါတယ်။ တကယ့်လက်ပ်တော့တလုံးလို သုံးချင်ရင်တော့ Display ကို အသင့်ပါတဲ့ ဒေါက်နဲ့ ထောင်ထားပြီး Trackpad ပါတဲ့ ကြိုးမဲ့ ကီးဘုတ်နဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်မှာပါ။
 
စိတ်ဝင်စားစရာအကောင်းဆုံးပုံစံကတော့ အပေါ်ခြမ်းကိုပဲ ထောင်ထားပြီး အောက်ခြမ်းကို Touchscreen ကီးဘုတ်အသွင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ပ်တော့အသေးလေးတလုံး သုံးရသလို ဖြစ်သွားမှာပါ။ Mate X, Galaxy Fold လို ခေါက်ချိုးဖုန်းတွေနဲ့ ကွာသွားမယ့် နောက်တချက်က ယခု ခေါက်ချိုး Display မှာ Stylus အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Wacom stylus တပါတည်း ပါလာမယ်လို့ ဆိုပါတယ်။
 
Samsung Galaxy Fold လိုပဲ ယခု Lenovo ခေါက်ချိုးလက်ပ်တော့ရဲ့ Display ကိုလည်း Protection အလွှာတခု ကပ်ထားပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအလွှာက ကပ်ထားမှန်း သိသာမှာမဟုတ်တဲ့အတွက် Galaxy Fold ကလို ဆွဲခွာလို့ ရမှာ မဟုတ်ပါဘူး။ ဆွဲခွာလို့ Display ပျက်သွားတာမျိုးတွေ ကြုံတွ့နိုင်ခြေ နည်းသွားမှာ ဖြစ်ပါတယ်။
 
Lenovo ခေါက်ချိုးလက်ပ်တော့မှာ USB C ၂ ပေါက် ပါဝင်မှာ ဖြစ်ပြီး၊ 4G LTE လိုင်းလည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ လောက်မှာ အပြီးသတ် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုတာကြောင့် ဈေးကွက်တွင်း တွေ့မြင်ရဖို့ သိပ်မလိုတော့ပါဘူး။
 
Digital Times 
Read 90 times
Rate this item
(1 Vote)