မှတ်ပုံတင်ခြင်းမပြုလုပ်ထားသော SIM Card များအား ဇွန် ၃၀ ရက်နောက်ပိုင်းတွင် အပြီးသတ်ပိတ်သိမ်းသွားမည်

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် SIM Card များ စနစ်တကျ

ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စ နှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲ နေသော SIM Card သည် မိမိ၏ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/မမှန်စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာမိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း၊ သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံတင်ကြပါရန် (၂၃-၀၂-၂၀၂၀) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ Website များနှင့် လူမှုကွန်ရက်မီဒီယာများတွင်လည်းကောင်း အသိပေး ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ တည်ဆဲဥပဒေအရထုတ်ပေးထားသည့် သက်သေခံလက်မှတ် (နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား)၊ Passport (နိုင်ငံခြားသားများအတွက်) တစ်ခုခုဖြင့် (၂)ကတ်ထက် ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကိုစုံစမ်းနိုင်ရန် Call Center သို့ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက် ခေါ်ဆိုမှုပိတ်ထားခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အထွက် ခေါ်ဆိုမှုပိတ်ထားခြင်းခံရသည့် SIM Card များအား အပိုဒ်(၁)တွင် ဖော်ပြထား သည့် နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင် ကြပါရန်နှင့် မှတ်ပုံတင်ခြင်းမပြုလုပ်ပါက (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Cardများ ကို သတ်မှတ်ရက်အတွင်း မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ကြပါရန်နှင့်ဈေးကွက်အတွင်း ရောင်းချနေသော အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ကြိုတင်မှတ်ပုံတင်ထားသော SIM Card များကို ဝယ်ယူသုံးစွဲခြင်းမပြုကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
​နေပြည်တော်

Read times
Rate this item
(1 Vote)