တစ်ပတ်အတွင်းထူးထူးခြားခြား နည်းပညာသတင်းများစုစည်းမှု

တစ်ပတ်အတွင်းထူးထူးခြားခြား နည်းပညာသတင်းများစုစည်းမှု google.com

ယခုအပတ်အတွက် အလှုပ်ခတ်ဆုံးနည်းပညာသတင်းတွေထဲမှာတော့ မကြာသေးခင်ကပဲသူ့ရဲ့အကြမ်းခံမှုကို ပြသမိတ်ဆက်ပေးခဲ့တဲ့ Redmi Note 7 ရဲ့အာကာသထဲသို့ အလည်အပတ်သွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ အကြမ်းခံ မှုအတွက်အမှန်တကယ်အစမ်းသပ်ခံပြသပေးခဲ့သလို ဈေးနှုန်းနဲ့ပြန်ရမယ့်စွမ်းဆောင်ရည်တွေကြောင့်လည်း လူငယ် တွေအကြားတော်တော်လေးရေပန်းစားနေတဲ့ ဖုန်းအမျိုးအစားသစ်ပဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတဲ့သတင်းတွေ မှာတော့ Facebook ကတော်တော်များများနေရာယူထားခဲ့ပြီး Location နဲ့ပက်သတ်လို့ လုံခြုံရေးပိုင်းအဆင့်မြှင့်တင် လာတဲ့ Google စတဲ့သတင်းတွေလည်းပါဝင်ခဲ့ပါတယ်။ အောက်မှာဆက်လက်လေ့လာကြည့်ကြပါစို့ ……။

() အာကာသထဲ အလည်အပတ်သွားခဲ့တဲ့ Redmi Note 7

Review အကြမ်းတွေလုပ်ပြခဲ့တဲ့ Redmi Note 7 ကတော့ ဒီတစ်ခါမှာလည်း သူများတွေနဲ့မတူအောင် စမ်းသပ်ပြလိုက်ပြန်ပါပြီ။ Redmi Note 7 ကို ဒီတစ်ခေါက်တော့ အာကာသထဲကို မိုးပျံဘောလုံးနဲ့လွှင့်တင်လိုက်တာပါ။ အမြင့်မီတာ 35375 နဲ့လေထုဖိအား 1000 pa ရောက်တဲ့အခါမှာတော့ အာကာသကနေ ကမ္ဘာကိုပြန်ကျလာပါတယ်။ အာကာသထဲကနေ မြေပြင်ပေါ်ကျလာတာတောင် အထိအခိုက်မရှိခဲ့ဖူးလို့ သိရပါတယ်။ ကမ္ဘာ့မြေပြင်အထက် အမြင့်ပေ 31000 မှာတောင် ဓာတ်ပုံများရိုက်ကူးခဲ့ပါသေးတယ်။ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများကိုလည်း Redmi ရဲ့ Twitter အကောင့်မှာတင်ထားပါတယ်။ တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် Review အကြမ်းတွေလုပ်ပြီးဈေးကွက်ကိုထိုးဖောက်လာခဲ့တဲ့ Redmi Note 7 ကတော့ ဒီတစ်ခါစမ်းသပ်မှုမှာလည်း အောင်မြင်သွားခဲ့ပြန်ပါပြီ။

() Facebook က Dating Feature အသစ်ကိုစတင်ထည့်သွင်း

Facebook မှာ သင်ကြွေနေတဲ့ ကောင်မလေးတွေကို အသိပေးနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို Facebook Dating မှာ ထည့်သွင်းပေးလိုက်တယ်လို့ ကုမ္ပဏီက F8 Developer Conference မှာ ကြေညာလိုက်ပါတယ်။အဲဒီလုပ်ဆောင်ချက်ရဲ့ အမည်က Secret Crush ဖြစ်ပြီး သင့်ရဲ့ Secret Crush List မှာ အများဆုံး ၉ ဦး ထည့်သွင်းနိုင်ပါတယ်။ သင့် စာရင်းထဲ ထည့်သွင်းလိုက်တဲ့ လူများက သင် သူ့ကို စိတ်ဝင်စားနေကြောင်း သူက နိုတီရရှိမှာ ဖြစ်ပါတယ်။ သူတို့က သင့်ကို သူတို့ရဲ့ Secret Crush List မှာ ပြန်လည် ထည့်သွင်းလိုက်တာနဲ့ သင်တို့ ၂ ဦးဟာ နိုတီ ရရှိမှာ ဖြစ်ပြီး မက်ဆင်ဂျာမှာ စတင်စကားပြောနိုင်ပါပြီ။ အခြား လူများက သင်တို့ရဲ့ ပတ်သက်မှုကို သိမှာ မဟုတ်ပါဘူး။ လစဉ် အသုံးပြုသူ ၂.၂ ဘီလီယမ် ရှိတဲ့ Facebook ဟာ နာမည်ကျော် ရည်းစားရှာဖွေတဲ့ ဝန်ဆောင်မှုများ ဖြစ်တဲ့ Tinder နဲ့ OkCupid တို့ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Facebook ရဲ့ Dating စွမ်းရည်ကို အသုံးပြုသူများအတွက် Privacy ကို မထိခိုက်အောင်လည်း ဖန်တီးပေးထားပါတယ်။ ရည်စား ရှာဖွေတဲ့အခါမှာ သင့်ရဲ့ ပရိုဖိုင်ကို သင့် သူငယ်ချင်းများက မြင်ရမှာ မဟုတ်ဘဲ သင့်ရဲ့ Friends မဟုတ်သူများကသာ သင့်ကို မြင်ရမှာ ဖြစ်ပါတယ်။ ယခင်နှစ် F8 Developer Conference မှာ Facebook Dating ကို ကြေညာခဲ့တာပါ။ စီအီးအို ဖြစ်သူ မတ်ဇူကာဘတ်က " အမေရိကန်မှာ လက်ထပ်ထားကြတဲ့ စုံတွဲ သုံးတွဲမှာ တစ်တွဲဟာ အွန်လိုင်းကနေ တွေ့ခဲ့ကြတာပါ။ Facebook မှာ Single အဖြစ် Relationship Status တင်ထားသူဟာ သန်း ၂၀၀ ၀န်းကျင် ရှိပါတယ်။ သူတို့အတွက် ဘ၀လက်တွဲဖော်ကို ရှာဖွေပေးနိုင်ရင် အဓိပ္ပါယ်ရှိမှာပါ။ Facebook မှာ Date လုပ်နိုင်တဲ့လုပ်ဆောင်ချက် အသစ်ကို မကြာခင် ထည့်သွင်းပေးတော့မှာပါ " လို့ အဲဒီပွဲမှာ ပြောခဲ့ပါတယ်။

() လူတွေထက်ပိုမြန်တယ်လို့ဆိုလိုက်တဲ့ Facebook ရဲ့ AI

အသုံးပြုသူတွေရဲ့ဒေတာတွေပေါက်ကြားမှုကြောင့် ဝေဖန်မှုတွေရင်ဆိုင်လာခဲ့ရတဲ့ Facebook ဟာ သူတို့ရဲ့ တိုးတက်လာတဲ့ AI ဥာဏ်ရည်တုနည်းပညာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီတိုးတတ်လာတဲ့နည်းပညာအကြောင်းကို F8 developer conference မှာ Facebook ရဲ့ CTO တစ်ဦးဖြစ်တဲ့ Mike Schroepfer ကမိတ်ဆက်ပေးခဲ့တာပါ။ ဒီ AI ဥာဏ်ရည်တုနည်းပညာဟာဆိုရင် ပန်းဂေါ်ဖီစိမ်း နဲ့ ဆေးခြောက် ကို လူတွေထက်ပိုမြန်အောင် ခွဲခြားနိုင်တယ်လို့သိရပြီးတော့ ယင်းနည်းပညာဟာနောက်ပိုင်းမှာ လူတွေအကူအညီမပါပဲနဲ့တောင် လုပ်ဆောင်နိုင်သွားမယ်လို့ ပြောကြားသွားခဲ့တာပါ။ ဒါ့အပြင် မကြာသေးခင်ကလည်း Dating Feature အသစ်စတင်ထည့်သွင်းထားတာကို မိတ်ဆက်ခဲ့ပါသေးတယ်။

() Facebook Messenger ကို Desktop သုံး App အနေနဲ့ ထွက်ရှိလာတော့မည်

Facebook ကနေပြီးတော့ F8 Developr Conference မှာ Desktop အသုံးပြုသူတွေအတွက် Facebook Messenger ကို Desktop သုံး App အနေနဲ့ အသုံးပြုနိုင်အောင် ထုတ်ပေးတော့မှာဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Mac နဲ့ Windows တွေမှာ စတင်အသုံးပြုနိုင်တော့မှာပါ။ Desktop အသုံးများတဲ့သူတွေအတွက် ဒီ Desktop App ကအသုံးပြုရပိုအဆင်ပြေအောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ Desktop သုံး App မှာ Group Video Call,Phone call နဲ့ တခြား Mobile version မှာပါတဲ့ လုပ်ဆောင်ချက်တွေပါဝင်လာမှာဖြစ်ပါတယ်။ Desktop သုံး App မှာဆို ကြော်ငြာတွေ ပြသရတာလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ Facebook အနေနဲ့ Messenger မှာ လုပ်ငန်းလုပ်ကိုင်လို့ရနိုင်မယ့် Tool တွေကို ထည့်သွင်းလာမှာဖြစ်ပြီးတော့ ဝန်ဆောင်မှုအပြင် စီးပွားရေးလုပ်ငန်းတွေပါ လုပ်ကိုင်လို့ရအောင်ရည်ရွယ်တာပါ။ ဒီ Desktop သုံး App ကိုစတင်စမ်းသပ်နေပြီး ဒီနှစ်နှောင်းပိုင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုနိုင်အောင် ဖြန့်ချီပေးမယ်လို့လည်း ပြောသွားခဲ့ပါတယ်။

() သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အလိုအလျောက်ဖျက်ပေးမယ့် Feature ကိုထည့်သွင်းလိုက်တဲ့ Google

Google ဟာသုံးစွဲသူတွေရဲ့ Location History တွေနဲ့ User Data တွေကို အလိုအလျောက်ဖျက်ပေးတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။ အရင်က Google ဟာ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အသေးစိတ် မှတ်တမ်းတင်ထားလေ့ရှိပြီး ဒါတွေကို သုံးစွဲသူတွေဘက်က ဖျက်ပစ်ချင်ရင်တော့ အနည်းငယ်ခက်ခဲပါတယ်။ အခုထည့်သွင်းလိုက်တဲ့ Feature အသစ်မှာတော့ သုံးစွဲသူတွေရဲ့ ဒေတာတွေကို ၃လ နဲ့ ၁၈လ ထိန်းသိမ်းထားပေးနိုင်တဲ့ ရွေးချယ်မှု နှစ်ခုကို အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အဲ့ကာလထက်ကျော်လွန်သွားတဲ့ ဒေတာအချက်အလက်တွေကို Google ဘက်ကနေ အလိုအလျောက်ဖျက်ပေးသွားမယ်လို့သိရပါတယ်။

Myanmar ICT Guide

Read 132 times
Rate this item
(1 Vote)