Design ဆိုင်ရာ Buttons ခလုတ် အထားအသို နည်းနာများ

Design ဆိုင်ရာ Buttons ခလုတ် အထားအသို နည်းနာများ google

Buttons ခလုတ်တွေဟာ လာရောက်သုံးစွဲသူနဲ့ အပြန်အလှန် ဆက်သွယ်လုပ်ကိုင်ဖို့ မပါမဖြစ် ထည့်သုံးကြရတဲ့အရာ ဖြစ်ပါတယ်။

သုံးစွဲသူနဲ့ စနစ်တို့အကြား အမေးအဖြတွေ လုပ်ဖို့ အဓိကအားဖြင့် သုံးစွဲကြတယ်။ ကျွန်တော်တို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခလုတ်တွေကို နှိပ်ဖူးကြတယ်။ အဲဒီ ခလုတ်တွေကို ဒီဇိုင်းဆင်တဲ့အခါ လိုက်နာအပ်တဲ့ စည်းမျဉ်း ၇ ချက်ကို တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီ အခြေခံကျကျ မူ ၇ ချက်ကို လိုက်နာရင် အဲဒီခလုတ်ဟာ ထိထိရောက်ရောက် သုံးလို့ရမယ့် ခလုတ် button ဖြစ်နေမယ်ဆိုတာ အာမခံပါတယ်။

၁။ button တွေကို button တွေနဲ့ တူအောင် လုပ်ပါ။

UI (user interface) ဆက်သွယ်ပေါင်းကူးပေးတဲ့အခါ သုံးစွဲသူတွေဟာ ဘယ်ဟာက ကလစ်လုပ်လို့မယ့်ဟာဆိုတာ ချက်ချင်း တန်းပြီး သိနိုင်အောင် လုပ်ပေးထားဖို့ လိုတယ်။ ဘယ်ဟာတွေကတော့ ကလစ်လုပ်ရမယ့်ဟာတွေ မဟုတ်ဘူးဆိုတာကိုလည်း တန်းပြီး သိအောင် လုပ်ပေးထားဖို့ လိုတယ်။ ဒီဇိုင်းအစိတ်အပိုင်းတိုင်းဟာ သုံးစွဲသူ ဘယ်ဟာက ကလစ်လုပ်လို့ရမယ် ဘယ်ဟာက မရဘူးဆိုတာ ဦးနှောက်မစားဘဲ သိနိုင်အောင် လုပ်ပေးထားရမှာ ဖြစ်ပါတယ်။ အဲဒီလို သိဖို့ လုပ်တာအတွက် အချိန်ပိုကြာလေ အဲဒီ ဒီဇိုင်းဟာ အသုံးမကျလေပါပဲ။

သုံးစွဲသူတွေက button ကို button ပါလို့ ဘယ်လိုလုပ်ပြီး သိသလဲ။ သူတို့မှာ အရင်က အတွေ့အကြုံတွေ ရှိထားတယ်။  ကလစ်လုပ်စရာ ခလုတ်မှန်းသိသာအောင် အမြင်အားဖြင့် အသိပေးထားတာကြောင့်လည်း သုံးစွဲသူတွေက button ပါဆိုတာ သိနိုင်ပါတယ်။ အမြင်အားဖြင့် သိသာထင်ရှားစေသောအရာ  Visual signifier လို့ ခေါ်ကြတဲ့ဟာတွေမှာ အသိပေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်မှ တန်ဖိုး ရှိမယ်။ သုံးစွဲသူ လုပ်တတ်ကိုင်တတ်သွားအောင် လုပ်ပေးနိုင်စွမ်း ရှိရမယ်။

ဒီတော့ သုံးစွဲသူ ယခင်က ကြုံဖူးထားတဲ့ button ဒီဇိုင်းမျိုးတွေနဲ့ ပြသထားရင် သူတို့က ဒါဟာ button နဲ့ တူတယ်။ button ဖြစ်မယ်လို့ ကောက်ချက်ချပြီး ကလစ်လုပ်မယ်။ အဲဒီ အစဉ်အလာ သဘောတရားကြောင့် .button တွေကို button တွေနဲ့ တူအောင် လုပ်ပါဆိုတာ အရေးကြီးတဲ့ စည်းမျဉ်းတစ်ချက် ဖြစ်ပါတယ်။

ဒီတော့ ရင်းနှီးပြီးသား ဒီဇိုင်းမျိုးတွေကို သုံးစွဲကြရတယ်။ နမူနာအဖြစ် သုံးစွဲသူတွေ တရင်းတနှီးအဖြစ်ဆုံး button တွေကို ဖော်ပြအပ်ပါတယ်။

အပေါ်မှ သုံးခုက အမည်း အပြည့်ဖြည့်ထားတဲ့ filled button တွေ ဖြစ်ပါတယ်။ အောက်ဆုံးက အဖြူတည်ကို ဘောင်ခတ်ပြထားတဲ့ button ဖြစ်ပြီး Ghost button လို့ ခေါ်ကြတယ်။ အပေါ် ၃ ခုမှာ လေးထောင့်စပ်စပ်၊ ထောင့်ကွေး၊ ထောင့်ကွေး အရိပ်ထွက် ဆိုပြီး ကွဲပြားတယ်။ နမူနာအဖြစ် ယှဉ်ပြထားတဲ့ လေးခုမှာ  ထောင့်ကွေး အရိပ်ထွက် button ဟာ သုံးစွဲသူတွေအဖို့ button ဖြစ်ကြောင်း အသိသာဆုံး ဒီဇိုင်း ဖြစ်ပါတယ်။

Button ကို နေရာချရင် အနီးပတ်ဝန်းကျင်မှာ နေရာအလွတ်တွေ ၀န်းရံပေးထားဖို့ သတိရပါ။ ဒါမှ ထင်းထင်းကြီး ပေါ်နေတဲ့ button ဖြစ်ရမယ်။ အထူးသဖြင့် အဖြူထည် Ghost button  ကို သုံးရင် ဘေး.ပတ်ပတ်လည်မှာ နေရာလွတ် ထားပေးလိုက်ပါ။

၂။ သုံးစွဲသူက တွေ့ဖို့ မျှော်လင့်ထားတဲ့ နေရာမျိုးတွေမှာ button ကို ထားပါ။

Button တွေကို သုံးစွဲသူ အလွယ်တကူ တွေ့နိုင်မယ့် နေရာမျိုးတွေမှာပဲ ထားပါ။ ခလုတ်ကို လိုက်ရှာနေတဲ့ အဖြစ်မျိုးကို မရောက်စေနဲ့။ သူတို့က ရှာလို့ မတွေ့ရင် ကလစ်လုပ်စရာ ခလုတ် ပေးမထားဘူးလို့ပဲ ယူဆလိုက်ကြလိမ့်မယ်။

ဒီကိစ္စအတွက် သမားရိုးကျ သုံးနေကျ အခင်းအကျင်း၊ သုံးနေကျ UI အဆင်နဲ့ ဖြစ်နိုင်သေရွ့ လုပ်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သုံးနေကျ ဖြစ်ရတာဟာ အလုပ်ဖြစ်လို့ ဆက်သုံးနေကြတာ ဖြစ်ပါတယ်။ အလုပ်မဖြစ်ရင် ဘယ်သူက ဆက်သုံးနေဦးမှာလဲ။

 

၃။ Button တွေမှာ ဘာလုပ်ဖို့လဲဆိုတာ ဖော်ပြပေးထားပါ။

 

အဲဒီလိုဖော်ပြတဲ့အခါ နားလည်မှု မလွှဲဖို့ ဂရုစိုက်ပါ။ ထင်တာတခြား ဖြစ်တာတခြား ဖြစ်နေစေတဲ့ button တွေကြောင့် သုံးစွဲသူ စိတ်တိုသွားစေတဲ့အပြင် မှားနှိပ်မိလို့ ဒုက္ခရောက်ကုန်တာအထိ ဖြစ်သွားနိုင်တယ်။ ဖော်ပြချက် label ထိုးရင် သတိချပ်ပါ။ ဖော်ပြထားတဲ့ စာလုံး၊ အရောင် စတာတွေကလည်း ရှင်းရှင်းလင်း မြင်သာဖတ်သာ ဖြစ်နေစေရမှာ ဖြစ်ပါတယ်။

နမူနာကောင်းတစ်ခုကို ပြောပြပွဦးမယ်။ အရာဝတ္ထုတစ်ခုကို ဖယ်ရှားပစ်လို့ button ထည့်ပေးထားတယ်။ အပြီးအပိုင် ဖယ်ရှား ပစ်မှာ ဖြစ်ကြောင်း ပြန်မရနိုင်တော့ကြောင်း နောက်ကြောင်း ပြန်မလှည့်နိုင်ကြောင်း အသိပေးထားတယ်။ အဲဒါအပြင် အရောင်ကို သတိပေးတဲ့ အရောင်ဖြစ်တဲ့ အနီရောင်ကို သုံးပေးထားတာကို ပုံမှာ တွေ့မြင်နိုင်ပါတယ်။

 


၎။ Button အရွယ်အစား မမှားစေနဲ့။

 

Button မှာ အရွယ်အစား ပိုကြီးရင် ပိုအရေးကြီးတယ်လို့ ယေဘုယျ သတ်မှတ်ချက်ရှိတယ်. ဒီတော့ ဦးစားပေးစာရင်းကို အရင်လုပ်ပါ။ ပြီးရင် button တွေရဲ့ အရွယ်အစားတွေကို သတ်မှတ်ပါ။ အရောင်ကွဲပြားခြားနားမှုကိုလည်း သုံးပါ။

နမူနာအဖြစ် Dropbox မှာ သုံးစွဲထားပုံကို တင်ပြပေးလိုက်ပါတယ်။


 

မိုဘိုင်းဖုန်းအတွက် button ဆိုရင် လက်ဖျားဖြင့် တို့သာအောင် အရွယ်အစားကို သတ်မှတ်ပေးထားရမယ်။ အဲဒါမှ သုံးစွဲရလွယ်ကူပြီး သုံးစွဲသူရဲ့ လက်ဖျားကို အဆင်ပြေနေစေမယ့် finger-friendly ခလုတ် ဖြစ်နေမယ်။


MIT Touch Lab
က လက်ဖျားတို့ထိပြီး ခလုတ်နှိပ်တာကို လေ့လာစူးစမ်းထားတယ်။ လက်ဖျားနဲ့ ထိမယ့် button ရဲ့ အရွယ်အစားစာ ၁၀ မှ ၁၄ မီလီမီတာ အတွင်း ရှိသင့်တယ်။ အဲဒီတော့မှ တို့ထိမယ့် ဧရိယာ ၁၀ မီလီမီတာ ပတ်လည်ကို အဆင်ပြေနေမယ်။

 

 


Image Source: uxmag

၅။ ဘာပြီး ဘာလာမလဲ ဆိုတာ ဂရုစိုက်ပါ။

သုံးစွဲသူနဲ့ စနစ်တို့ မေးမြန်းဖြေဆိုဖို့ button တွေကို သုံးထားတယ်။ ဥပမာအားဖြင့် ‘Previous/Next’ ဆိုတာအတွက် button တွေကို နေရာချမယ် ဆိုပါတော့။ ယခင် Previous ကို ၀ဲဘက်မှာ ထားပြီး Next ကို ယာဘက်မှာ ထားကြပါတယ်။  စာအုပ်မှာ စာဖတ်ရင် ယခင်စာမျက်နှာက ၀ဲဘက်မှာ ရှိပြီး လာမယ့် စာမျက်နှာတွေက ယာဘက်မှာ ရှိနေပါတယ်။ အဲဒီလို သုံးစွဲသူတွေ သိထားတာကို အခြေခံပြီး ယခုလို သတ်မှတ်ပေးကြတာ ဖြစ်ပါတယ်။

 

. Button တွေ အများကြီး မသုံးရ

 

ဒီအချက်က ၀က်ဘ်ဆိုက်တွေ အက်ပ်တွေမှာ ဖြစ်နေကျ ပြဿနာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို မေးခွန်းတွေ တသီတတန်း မေးရင် သူ ဘာဖြေရမှန်း သိတော့မှာ မဟုတ်ဘူး။ ခလုတ်တွေ များနေရင်လည်း ဘာကို နှိပ်ရမှန်း ရုတ်တရက် သူသိတော့မှာ မဟုတ်ဘူး။ အချိန်ယူ လေ့လာစဉ်းစား တွေးဆပြီးမှ ခလုတ်ကို ရွေးချယ်ပြီး နှိပ်ရလိမ့်မယ်။ ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ သုံးစွဲသူတွေက ဘာမှ မလုပ်တော့ဘဲ ပြန်လှည့်ထွက်သွားကြတာ ဖြစ်ပါတယ်။ သုံးစွဲသူတစ်ဦး ရောက်လာတဲ့အခါ သူ့ကို အလုပ်စေချင်က ဘာလဲ။ အဲဒါအတွက်သာ ခလုတ်တွေ ထားပေးရမှာ ဖြစ်ပါတယ်။

 


၇ နှိပ်ပြီးရင် တစ်ခုခု ဖြစ်ပြလိုက်ပါ။

သုံးစွဲသူက ခလုတ်ကို နှိပ်လိုက်တယ်။ အဲဒီအခါ အကြောင်းပြန် အသိပေးချက် feedback ကို သူ မျှော်လင့်တယ်။ ဘာမှ ဖြစ်မပြရင် သူက ခလုတ်ကို သေချာအောင် ထပ်နှိပ်လိမ့်မယ်။ ဒီတော့ အမြင်အားဖြင့် ပြသပြီးတော့ ဖြစ်စေ၊ အသံမြည်ပေးပြီးတော့ ဖြစ်စေ ခလုတ်ကို နှိပ်လိုက်ကြောင်း သူသိအောင် feedback ပေးရမယ်။ ကြာမယ်ဆိုရင် ဘာလုပ်ပေးနေပြီ ဆိုတာကို အသိပေးရမယ်။  ဥပမာ download လုပ်တဲ့ button ကို နှိပ်ပြီးရင် download စပြီ။ ဘယ်လောက်အထိ ပြီးသွားပြီ ။ ပြီးစီးပါပြီ ဆိုပြီး အဆက်မပြတ် အသိပေးနေဖို့ လိုမယ်။ ဘာမှ လုပ်မပေးသေးရင်လည်း အ၀ိုင်းလေး လည်ပြနေဖို့တော့ လိုပါတယ်။

နိဂုံးချုပ်အနေဖြင့် ပြောချင်တာက button တွေကို နေရာတကာမှာ သုံးကြတယ်။ ဘယ်မှာသုံးသုံး စည်းမျဉ်း ၇ ချက်ကို ဂရုစိုက်ပါ။


Source: 7 Basic Rules for Button Design by Nick Babich

Related article :  Feedback ပြန်အသိပေးခြင်း

Feedback ပြန်အသိပေးခြင်း

 



Read 129 times
Rate this item
(0 votes)