အဆင့်ဆင့် ပြောင်းလဲပြီး ချော့ခေါ်ပါ

အဆင့်ဆင့် ပြောင်းလဲပြီး ချော့ခေါ်ပါ google

ပြင်သစ် ပန်းချီပန်းပု ပညာရှင် Jacques Carelman က ၁၉၆၉ ခုနှစ်မှာ ကတ်တလောက်တစ်ခု ထုတ်ဝေတယ်။

Catalogue d’Objets Introuvable လို့ အမည်ပေးထားတယ်။

ရှာမတွေ့နိုင်သော အရာဝတ္ထုများလို့ ဆိုလိုတယ်။

နေ့စဉ်သုံး ပစ္စည်းတွေမှာ လုံးဝဥဿုံ သုံးမရတဲ့ အရာဝတ္ထုတွေကို

သူက ဒီဇိုင်းကြံဆပြီး ထုတ်ထားတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့လူစားမျိုးအတွက် ကော်ဖီအိုးဟာ သုံးစွဲသူကို ဒုက္ခပေးဖို့ အသင့်ဖြစ်နေတယ်။

အဲဒီလို သုံးစွဲသူကို ဒုက္ခပေးဖို့၊ စိတ်တိုအောင်လုပ်ဖို့၊ လက်တွေ့မကျတဲ့ နေ့စဉ်သုံးပစ္စည်းတွေ ရှိနေတယ်။ သုံးစွဲသူအတွေ့အကြုံ UX(User eXperience) ကို ဆိုးဆိုးဝါးဝါးတွေ ပေးဖို့ အသင့်စောင့်နေတဲ့ နေ့စဉ်သုံးပစ္စည်းတွေကို မရည်ရွယ်ဘဲ လုပ်မိကြတာ ရှိတယ်။ ပန်းချီကားထဲက ပေါင်မုန့်မှာ ထောပတ်သုတ်မိတာတွေလည်း ရှိတယ်။ ရည်ရွယ်ချက်နဲ့ မှားမိတာတွေလည်း ရှိတယ်။

 

အဲဒီအကြောင်းကို ဒွန်နော်မန်က THE DESIGN OF EVERYDAY THINGS ဆိုပြီး စာအုပ်ရေးတယ်။ UX အတွက် သမ္မာကျမ်းစာ ဖြစ်သွားတယ်ဆိုပါတော့။

အဲဒီစာအုပ်က လွန်ခဲ့တဲ့ ငွေရတု ၂၅ နှစ်တုန်းက သူရေးခဲ့တဲ့ POET, The Psychology of Everyday Things ကို ပြန်လည်တည်းဖြတ်ပြင်ဆင်ပြီး ရေးသားထားတာ။ ‘’ဒီလို စာအုပ်မျိုးက ကျွန်တော် မသိပေမဲ့ အမြဲရေးချင်မိတဲ့ စာအုပ်’’ လို့ သူက ရေးခဲ့တယ်။ အခု ပြန်ထုတ်ဝေတော့ ‘’ဒီလို စာအုပ်မျိုးက ကျွန်တော် အမြဲရေးချင်မိတဲ့ စာအုပ်’’ လို့ ဆိုတယ်။ စာအုပ်အမည်ကိုလည်း Design of Everyday Things (DOET) လို့ ပြင်ခဲ့တယ်။

အရင်စာအုပ် ရေးခဲ့စဉ်က အင်တာနက် မထွန်းကားသေးဘူး။ ကွန်ပျူတာတွေ စွမ်းစွမ်းတမံ မဖြစ်သေးဘူး။ ဆဲလ်ဖုန်းတွေ ဖောဖောသီသီ မကိုင်ကြသေးဘူး။ ပြီးတော့ လူဗဟိုပြုဒီဇှိုင်း (Human-centered design (HCD)) ဆိုတာ မပေါ်သေးဘူး။

UX ဆိုတဲ့ အသုံးအနှုန်းက ရှားပါးစကားလုံး။ အဲဒီအသုံးအနှုန်း user experience စတင်သုံးစွဲသူတွေထဲမှာ ဒွန်နော်မန်ပါတယ်။ သူက Apple မှာ ၁၉၉၀ ခုနှစ်အလွန်မှာ သူ့အဖွဲ့ကို “the User Experience Architect’s Office လို့ ဌာနအမည် ပေးခဲ့တယ်။

ပထမစာအုပ် POET ကို သူရေးတော့ စာတွေ့သမား သုတေသီတစ်ဦးအဖြစ်မှာ ရေးခဲ့တယ်။ DOET ကို သူရေးတော့ လုပ်ငန်းခွင် လက်တွေ့ အတွေ့အကြုံတွေ သူ့မှာ ထူပြောနေပြီ။

 

ဈေးကွက်ထဲမှာ အောင်မြင်တဲ့ ထုတ်ကုန်ဖြစ်ဖို့ ၀ယ်ချင်စရာကောင်းတဲ့ ထုတ်ကုန် ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ နောက်ပိုင်း အ၀ယ်လိုက်ဖို့ဆိုတာကတော့ အသုံးတည့်သလား၊ သုံးရတာ အဆင်ပြေသလားဆိုတဲ့အပေါ် မူတည်တယ်။ အကောင်းဆုံးပစ္စည်းတွေဟာ အမြဲအောင်မြင်တယ်လို အပြတ်ပြောလို့ မရဘူး။ ပြောင်မြောက်တဲ့ နည်းပညာအသစ်တွေ လူတွေကြားထဲ လက်ခံဖို့ ဆယ်စုနှစ်ချီပြီး ကြာမြင့်တယ်။ ပစ္စည်းတစ်ခုကို ဒီဇိုင်းပိုင်း နားလည်ရုံနဲ့ မလုံလောက်ဘူး။ နည်းပညာပိုင်း နားလည်ရုံနဲ့ မလုံလောက်ဘူး။ ပစ္စည်းဟာ အလုပ်ဖြစ်သလားဆိုတာကို နားလည်ဖို့ အလွန်အရေးကြီးတယ်လို့ သူက ပြောပြထားတယ်။

လူတိုင်းက မြေလှန်ပြောင်းလဲပစ်လိုက်တဲ့ ဆန်းသစ်တီထွင်မှုမျိုးကို လိုလားကြပေမဲ့ တကယ်တမ်းကျတော့ မြေလှန်ပြောင်းလဲတဲ့ ဆန်းသစ်တီထွင်မှုတွေ ကျဆုံးကြတာချည်းပဲ။ ခေတ်ရှေ့ပြေးနေတာမို့ လူတွေ မီလာဖို့ ဆယ်စုနှစ်တွေ ကြာပြီးမှ အောင်မြင်မှု ရကြတယ်။ အဆင့်ဆင့် တိုးတက်ပြောင်းလဲပေးတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ချော့ခေါ်သွားမှ အဆင်ပြေတယ်။ ဒီတော့ လူဗဟိုပြုဒီဇိုင်းတွေဟာ အဆင့်ဆင့်တိုးတက်ပြောင်းလဲတဲ့ ဆန်းသစ်တီထွင်မှုတွေဆိုရင် ဆီလျော်သင့်မြတ်တယ်လို့ နော်မန်က ရှင်းပြထားတယ်။

 

ကိုးကား THE DESIGN OF EVERYDAY THINGS

(REVISED AND EXPANDED EDITION) by Don Norman

 

 

Read 84 times
Rate this item
(0 votes)