တံခါးတွေကြား မညပ်စေနဲ့

တံခါးတွေကြား မညပ်စေနဲ့ google

The Design for Everyday Things((DOET) ကို ရေးသားတဲ့ ဒွန်နော်မန်က မှန်တံခါး ၆ ချပ်ကြားမှာ သူ့အသိတစ်ယောက် ပိတ်မိနေတဲ့ဒုက္ခကို ရေးသား တင်ပြထားတယ်။

ဥရောပ မြို့တစ်မြို့ရဲ့ စာတိုက်မှာ ပြင်ပမှာ တအားအေးနေတဲ့ လေတွေ အထဲကို လေစီးကြောင်းဖြင့် ၀င်လာလို့ မရအောင် မှန်တံခါးတွေ ၆ ခုကို တန်းစီပြီး တပ်ထားတယ်။ ၀င်တဲ့သူက တစ်ချပ်ပြီး တစ်ချပ် ဖွင့်ဝင်ရတယ်။ တစ်ချပ်ဖွင့်ပြီး နောက်တစ်ချပ် မဖွင့်ခင်မှာ ဖွင့်ဝင်တဲ့ တံခါးက ပြန်ပိတ်သွားပြီဆိုတော့ လေစီးကြောင်း ပြတ်သွားအောင် စီမံထားတဲ့စိတ်ကူး ဖြစ်ပါတယ်။

မှန်တံခါးတွေက နှစ်ဖက်ပွင့်တွေ။ အပြင်ကနေ တွန်းဝင်ရင်လည်း ပွင့်တယ်။ အထဲကနေ တွန်းထွက်ရင်လည်း ပွင့်တယ်။ သူ့အသိက တံခါးတစ်ချပ်ကို ဖွင့်ပြီး ၀င်လိုက်တယ်။ နောက်ထပ် တံခါးတွေ အဆင့်ဆင့် ဖွင့်ဖို့ သူသွားတာမှာ ညာဘက်ကို နည်းနည်းရောက်သွားတယ်။ သူက တံခါးရွက်ကို တွန်းတယ်။ မရဘူး။ မပွင့်ဘူး။ အားစိုက်ပြီး တွန်းပေမဲ့ မပွင့်တော့ ဒီတံခါးက သော့ခတ်ထားတာ ဖြစ်မယ်လို့ ယူဆတယ်။

ဒီတော့ နောက်ကြောင်းပြန်လှည့်ပြီး အပြင်ပြန်ထွက်ဖို့ လုပ်တယ်။ ခုနက တွန်းဖွင့်ပြီး ၀င်လာခဲ့တဲ့ တံခါးရွက်ကို သူတွန်းဖွင့်တော့ မပွင့်ဘူး။

ဒီတော့ အထဲကို ၀င်တဲ့ဘက်က တံခါးကို ရလို့ရငြား သူ တွန်းကြည့်ပြန်တယ်။ မရဘူး။

ငါတော့ ပိတ်မိနေပြီ။ ၀င်မရ ထွက်မရ။ စိတ်ထဲ ယောက်ယက်ခတ်သွားတယ်ဆိုပါတော့။

အဲဒီအချိန်မှာ လူတချို့ မှန်တံခါးချပ်ကို တွန်းဖွင့်ပြီး ၀င်လာကြတယ်။ သူတို့က မှန်တံခါးတွေကို တစ်ချပ်ပြီး တစ်ချပ် တွန်းဖွင့်ပြီး ၀င်သွားတာ တွေ့တော့ သူ့အသိလည်း ကပျာကသီ နောက်နေလိုက်ပြီး ၀င်လိုက်တယ်။

ဘာဖြစ်တာလဲ။ မှန်တံခါးမှာ သာမန် ပတ္တာတပ်တံခါးတွေလိုပဲ ဘက်နှစ်ဘက် ရှိတယ်။ တစ်ဘက်မှာ ထောက်တိုင်ရှိပြီး တိုင်မှာ ပတ္တာ တပ်ထားတယ်။ တစ်ခြားဘက်မှာ ဘာမှ မရှိဘူး။ အဲဒီဘက်ကနေ တွန်းမှ တံခါးက ပွင့်မယ်။ ပတ္တာရှိတဲ့ဘက်အစွန်မှာ တွန်းရင် တံခါးက မပွင့်ဘူး။ အိမ်တွေမှာရှိတဲ့ ပတ္တာတပ်တံခါးတွေလည်း အဲဒီလိုပါပဲ။

အဲဒီစာတိုက်တံခါးက အလှအပကို အသားပေးထားတော့ ပတ္တာတွေနဲ့ တိုင်ကို မမြင်ရအောင် ဖျောက်ထားတယ်။ တံခါးကို တံခါးအဖြစ် သုံးဖို့ထက် အလှကို ဦးစားပေးထားတယ်။ နော်မန်ရဲ့ အသိက ပတ္တာရှိတဲ့ဘက်ကို ရောက်သွားပြီး တံခါးကို ဖိတွန်းနေမိတာမို့ တံခါးက မပွင့်တာ ဖြစ်ပါတယ်။

ဒီဇိုင်းကောင်းတွေမှာ အရေးကြီးတဲ့ အင်္ဂါရပ် နှစ်ပါးရှိတယ်။ ရှာဖွေတွေ့ရှိနိုင်ခြင်းနဲ့ သဘောပေါက်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ web design ကိုပဲ လုပ်လုပ်၊ mobile design ကိုပဲလုပ်လုပ် အဲဒီ အင်္ဂါရပ်နှစ်ပါးဟာ အရေးကြီးတယ်။ လာရောက်သုံးစွဲသူ user တွေ မှန်တံခါးတွေကြား ပိတ်မိရင် အဲဒီလူတွေက အပြီးအပိုင် ကျောခိုင်းသွားလိမ့်မယ်။ ပြန်လာသော သုံးစွဲသူ return user လျော့ကျဆုံးရှုံးတာ လက်တွေ့ပဲ။

 

ရှာဖွေတွေ့ရှိနိုင်ခြင်း

 

ဘယ်လို လုပ်ရမလဲဆိုတာ အဖြေထုတ်ဖို့ ဖြစ်နိုင်နေရမယ်။ ဘယ်နေရာမှာ လုပ်ရမလဲ၊ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာတွေကိုလည်း အဖြေထုတ်ဖို့ ဖြစ်နိုင်နေစေရမယ်။

 

သဘောပေါက်နိုင်ခြင်း

 

အဲဒါတွေ အကုန်လုံးက ဘာကို ဆိုလိုတာလဲ။ ဘာလုပ်စေချင်တာလဲ။ ဘယ်လို သုံးစေချင်တာလဲ။ ကွန်ထရိုတွေ ဆက်တင်တွေ အကုန်လုံးက ဘာတွေ လုပ်မှာလဲ။

 

ခုနက မှန်တံခါးဟာ လှပလွန်းတယ်။ ဒီဇိုင်းဆုတောင် ရနိုင်လောက်တယ်။ ပတ္တာပျောက်၊ တိုင်ပျောက် မှန်တံခါး။ ဘယ်ဘက်မှာ ပတ္တာရှိမှန်း မသိရတဲ့တံခါး။ ဒီတော့ ရှာဖွေတွေ့ရှိနိုင်ခြင်း ပျက်ကွက်နေတယ်။

 

ကိရိယာတစ်ခုဟာ တံခါးဖြစ်ဖြစ်၊ မိုဘိုင်းဖုန်းဖြစ်ဖြစ် နျူးကလီယားစက်ရုံဖြစ်ဖြစ် နှီးနွှယ်နေတဲ့ အစိတ်အပိုင်းတွေ မလွဲမသွေ မြင်သာနေရမယ်။ အသိပေးရမှာတွေကို သိအောင် ပြထားရမယ်။ ဘယ်လိုလုပ်ရင် ဖြစ်နိုင်မလဲ။ ဘယ်နေရာမှ ဘယ်လို လုပ်သင့်သလဲ။ တွန်းဖွင့်ရမယ့် တံခါးဆိုရင် တွန်းရမယ့် နေရာကို ပြသထားရမယ်၊ မလွဲမသွေ ပြသထားရမယ်။ အနုအလှကို ဖျက်ဆီးပစ်ဖို့ မလိုပါဘူး။ တွန်းရမယ့်ဘက်အစွန်ကို သိသာအောင် အပြားတစ်ပြား ထောင်လိုက် တပ်ပေးထားလိုက်ရမယ်။ ဒါမှမဟုတ် ထောက်တိုင်ကို မြင်သာအောင် ပြသထားရမယ်။ ဒါဆို တံခါးကို သုံးမယ့်သူက ရှာဖွေတွေ့ရှိပြီး သဘောပေါက်သွားမယ်။ မှန်ချပ်ပေါ်မှာ စာရေးပြနေဖို့ မလိုပါဘူး။

 

ရှုပ်ထွေးပြီး အစိတ်အပိုင်းတွေ ရောထွေးနေတဲ့ ကိရိယာမျိုးဆိုရင်တော့ သုံးစွဲရန်လမ်းညွှန်ကို ရေးပြဖို့လိုမယ်။ လုပ်ငန်းဆောင်တာ အမျိုးမျိုး လုပ်လို့ရပြီး အဲဒါတွေကို လိုသလို စေခိုင်းဖို့ ကွန်ထရိုးတွေ ထည့်ပေးထားရင်တော့ သုံးစွဲသူ လက်စွဲကို စာရေးပြဖို့ လိုပါလိမ့်မယ်။

 

တံခါးလို ရိုးရိုးနေ့စဉ်သုံးပစ္စည်းမျိုးမှာ စာတစ်တန်ပေတစ်တန်ဖြင့် ဘယ်လိုလုပ်ရမလဲ ရှင်းပြရမယ်ဆိုတာ မလိုအပ်ပါဘူး။ မလိုအပ်အောင် ဒီဇိုင်းထုတ်ပေးထားရမှာ ဖြစ်ပါတယ်။

အလားတူပင် နေ့စဉ်လာသုံးမယ့် website ဖြစ်ဖြစ် mobile app ဖြစ်ဖြစ် ဘယ်လို သုံးရမှာလဲဆိုတာ ခက်ခဲမနေအောင် လုပ်ပေးထားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ လာရှင်းမပြဘဲ ကိုယ့်ဘာသာကိုယ် သုံးလို့ ရအောင် လုပ်ပေးထားနိုင်ရင် အကောင်းဆုံးပဲ။

 

ICT Guide


Read times
Rate this item
(0 votes)