Design တစ်ခုတွင် အရေးပါလှသော Typography အကြောင်း

Design တစ်ခုတွင် အရေးပါလှသော Typography အကြောင်း google

အက္ခရာစာလုံးစတိုင်လ်ဟာ UI web design အတွက် အရေးပါအရာရောက်ပေမဲ့ အမြဲလိုလို သိပ်အရေးလုပ်မခံရဘူး။

တကယ်တော့ အက္ခရာပုံစံ Typography ဟာ အမြဲထည့်စဉ်းစားပေးဖို့ လိုတယ်။

တကယ်တော့ web design မှာသာ အရေးကြီးတာ မဟုတ်ပါဘူး။ မျက်လုံးတွေနဲ့ မြင်ရတွေ့ရတဲ့ ဖော်ပြမှုတိုင်းမှာ အက္ခရာစာလုံး ပုံစံက အရေးကြီးပါတယ်။ ကိုယ်တိုင်က ဒီဇိုင်းနာ တစ်ဦး မဟုတ်ပေမဲ့လည်း အခုတင်ပြမယ့် အက္ခရာစာလုံးပုံစံ စတိုလ်အကြောင်း သိထားရင် မမှားဘူး။ ဘာလို့လဲဆိုတော့ ဒီဇိုင်းမှာ စာပါလာပြီဆိုတာနဲ့ အက္ခရာစာလုံးစတိုင်လ်ကိစ္စက အနည်းနဲ့အများ အရေးပါသွားပြီ။

အခုတင်ပြမှာကတော့ Myanmar ICT Guide ရဲ့ ပရိသတ်အတွက်ဆိုတော့  website ရဲ့ UI (user interface) design ကို အာရုံစိုက်ပြီး ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။

အက္ခရာစတိုင်လ်ဆိုတာက အတော်သိမ်မွေ့တယ်။ ဒီတော့ သတိမမူ ဂူမမြင် ဆိုသလို အမှုမထားမိကြဘူး။ ဖတ်လို့ရရင် ပြီးတာပဲ ဆိုတဲ့ မူနဲ့ပဲ လုပ်ကိုင်လိုက်ကြတယ်။

တကယ်ပဲ အရေးမကြီးတာလား

ရိုးရိုးရှင်းရှင်း မေးခွန်းတစ်ခုလောက် မေးကြည့်ကြရအောင်။

ဝက်ဘ်ဆိုက်ဖြစ်ဖြစ် အက်ပ်ဖြစ်ဖြစ် ရည်ရွယ်ချက်က ဘာလဲ။ အသိပေးချင်တာတွေ လက်ဆင့်ကမ်းပေးလိုက်ဖို့ မဟုတ်ဘူးလား။ အဲဒီလို အသိပေး ပြသချင်တာတွေကို ဖရိန်တစ်ခု အထဲမှာ နေရာချပြီး ထည့်ပေးလိုက်ဖို့သက်သက်ပဲလား။ UI designer တွေက အသိပေးချင်တာ ပြသချင်တာတွေ တစ်ခုစီကို စီစဉ်ခင်းကျင်းပြီး အဓိပ္ပာယ်ရှိရှိ ဖြစ်အောင် လုပ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် ထားရှိတာမဟုတ်လား။

ကြည့်တဲ့သူကို လှမ်းပြီး စကားပြောပေးနေတာတွေဟာ စာလုံးတွေ စာသားတွေ ဖြစ်ပါတယ်။

စာမထည့်လည်း သုံးတဲ့သူတွေက သိပါတယ်ဆိုပြီး စာတွေ မထည့်ပေးရင် ဘယ်လိုနေမလဲ။

 

ဝက်ဘ်ဆိုက်တစ်ခုကို စာတွေ ဖြုတ်ပြီး နမူနာတစ်ခုလောက် ကြည့်ကြရအောင်။

 

ကြည့်သူ user ကို စကားလှမ်းပြောပေးနေတဲ့ စာလုံးတွေနဲ့ ပတ်သက်လို့ များများစားစား ကစားပေးလို့ မရဘူး။

ပုံတွေကျတော့ အလင်းအမှောင် ကစားလို့ရတယ်။ အရောင်တွေ ကစားလို့ရတယ်။ စာလုံးတွေမှာ အဲဒီလို ကစားပေးထားလိုက်ရင် ဖတ်ရှုရသူ ခေါင်းတွေ မူးကုန်လိမ့်မယ်။

ဒီတော့ ကစားပေးလို့ရတာ သိပ်မရှိလို့ လုပ်တတ်ဖို့ လွယ်တယ်။ ထိထိမိမိဖြစ်တဲ့  typography ဖြစ်ဖို့ကျတော့ သိပ်မလွယ်တော့ဘူး။

စာသားကို ပုံစံချရင် အဓိကအားဖြင့် ကစားလို့ ရတာ အချက်ကြီး  ၄ချက် ရှိတယ်လို့ သွန်သင်ကြတယ်။

၁။ စာလုံးသွင်ပြင် Typeface

၂။ စာလုံးအထူအပါး Weight

၃။ အက္ခရာနှစ်ခုကြား အကွာအဝေး Tracking (Words spacing)

၎။ စာကြောင်း နှစ်ခုကြား အကွာအဝေး Leading (Line spacing)

ဖန်တီးလိုက်တဲ့ UI တစ်ခု ဆရာကျဖို့ professional ဆန်ဖို့အတွက်ဆိုရင် ထူးခြားပေါ်လွင်နေဖို့အတွက်ဆိုရင် အဲဒီ အချက်ကြီး ၄ ချက်ကို ထည့်သွင်းစဉ်းစားကြံဆပေးဖို့ လိုပါလိမ့်မယ်။

 

၁။ စာလုံးသွင်ပြင်များ Typefaces ကို သိခြင်း

 

ဆီလျော်ကောင်းမွန်တဲ့ font တစ်မျိုးကို ရွေးချယ်နိုင်ဖို့ဆိုတာ ခင်ဗျား လုပ်ကိုင်နေတဲ့ ဒီဇိုင်း ဟန်ကျပန်ကျ ဖြစ်မှာလား နုံချာသွားမှာလားဆိုတာအတွက် အခရာအကျဆုံးလို့ ဆိုရပါမယ်။

 

Font တစ်မျိုးတည်းနဲ့ အလုပ်မပြီးဘူး။ ဒီတော့ fonts တွေကို တွဲသုံးကြတယ်။ ဘယ် fonts တွေကို တွဲသုံးလိုက်ရင် တင့်တင့်တယ်တယ် ဖြစ်သွားသလဲဆိုတာ အတွေ့အကြုံအရ သိနေတာလည်း ရှိမယ်။ စိတ်ထဲ အလိုလို သိလိုက်တာမျိုးလည်း ရှိမယ်။ တခြားဝက်ဘ်ဆိုက်တွေထံမှ အတုခိုးပြီး သိတာလည်း ရှိမယ်။ ကျကျနန ပညာသင်ခဲ့ရသူဖြစ်လို့ ပညာခန်းအရ သိတာလည်း ရှိမယ်။ fonts တွေကို တွဲဖို့ ရွေးချယ်တဲ့အခါ  x-height ကို အခြေခံပြီး ရွေးရမယ်ဆိုတာမျိုးလို သတ်မှတ်ချက်အရ သိတာလည်း ရှိမယ်။

လေ့လာချင်တယ်ဆိုရင် Google Fonts  တွေကို လိုက်ဖက်ညီညီ တွဲပေးဖို့ ကူညီပေးတဲ့ https://fontpair.co မှာ လေ့လာလို့ရတယ်။ https://www.typewolf.com/ မှာလည်း fonts တွေ တွဲဖို့အတွက် FONT RECOMMENDATIONS & LISTS  အကြံပြုပေးထားတာတွေ ရနိုင်တယ်။

Fonts စတိုင်လ်တွေကို ကြည့်ရှုရွေးချယ်ချင်ရင် https://www.fonts.com/browse ကို သွားလိုက်ပါ။

 

၂။ စာလုံးအထူအပါး Weight

 

အထူအပါး နားလည်ဖို့ အရေးကြီးတယ်။

ပထမစည်းမျဉ်းက

စာလုံး အထူအပါး အမျိုးမျိုး ရှိနေတာမှာ နှစ်မျိုး သုံးမျိုးထက် ပိုပြီး မသုံးပါနဲ့။

Fonts တွေမှာ မိသားစုဝင် fonts တွေ အမျိုးမျိုး အဖုံဖုံ ရှိနေတာ အကုန်လုံး ပါနေအောင် သုံးဖို့ မလိုပါဘူး။ ၂ မျိုး ၃ မျိုးလောက်ပဲ သုံးသင့်ပါတယ်။

တစ်မျိုးကို ပုံမှန်အတွက် သုံးမယ်။

နောက်တစ်မျိုးကို ခေါင်းစည်းအတွက် သုံးမယ်။

နောက်တစ်မျိုးကို ပြူးတူးပြဲတဲ ခေါင်းစည်းမျိုးအတွက် သုံးမယ်။

 

ဒုတိယစည်းမျဉ်းးက

အထူအပါးကို တစ်ခုကျော် ရွေးသုံးလိုက်တာ ဖြစ်ပါတယ်။

စာပိုဒ်အတွက် regular ကို သုံးမယ်။ ခေါင်းစဉ်အတွက် medium ကို အသုံးမပြုဘဲ ကျော်လိုက်မယ်။ semibold ကို သုံးမယ်။ ပိုကြီးတဲ့ ခေါင်းစည်းအတွက် bold ကို ကျော်ပြီး heavy ကို သုံးမယ်။

ရည်မှန်းချက်က အမြင်မှာ heavy ဖြစ်နေဖို့ ဖြစ်တာကို သတိရပါ။ တခြား စာသားတွေနဲ့ ဘယ်လို ကွဲပြားအောင် လုပ်ပေးထားဖို့ ဖြစ်ပါတယ်။ ဒီတော့ အထူအပါး ကွဲပြားပေးလိုက်တာအပြင် အရောင်ကွဲပြားတာ ထက်အောက်ဘေးဝန်းကျင်မှာ နေရာလွတ် ပိုများများ ထားပေးတာတွေနဲ့လည်း တွန်းတင်ပေးဖို့ လိုပါတယ်။

တတိယစည်းမျဉ်းက

မည်းနက်ပြီး ထူလွန်းတာကိုလည်း မရွေးနဲ့ ။

ဆံချည်မျှင်လို ပါးလွန်းတာကိုလည်း မရွေးနဲ့ ။

ဝက်ဘ်ဆိုက်ကို ဖုန်းပွတ်ပြီး ကြည့်တဲ့ခေတ်မှာ Hairline စာသား သုံးစွဲခြင်းကို ရှောင်သင့်ပါတယ်။ ပြီးတော့ font အတော်များများမှာ hailline အပါးမျိုးကို ရေးဆွဲ မပေးထားဘူး။ ဒီတော့ ရွေးချယ်မှုမှာ အကန့်အသတ်တွေ ရှိနေတယ်။

မည်းမည်းထူထူ ကျပြန်တော့ နေရာယူတာ များလွန်းနေလိမ့်မယ်။ ပြီးတော့ အကျည်းတန်နေတတ်တယ်။ ဒီတော့ hairline နဲ့ မည်းထူ အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုပါတယ်။

 

၃။ အက္ခရာနှစ်ခုကြား အကွာအဝေး Tracking (Words spacing)

 

Tracking နဲ့ Kering မသဲကွဲတဲ့သူတွေ ရှိတယ်။

Tracking က စာလုံးတစ်လုံးနဲ့ တစ်လုံးအကြား အဟကို ပြောချင်တာ ဖြစ်တယ်။

Kering က စာလုံးမှာ ပါဝင်နေတဲ့ အက္ခရာတစ်ခုနဲ့ တစ်ခုအကြား အဟကို ပြောချင်တာ ဖြစ်တယ်။

Font ရေးတဲ့အခါ Kerning ကို အက္ခရာစာလုံးတိုင်းအတွက် ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အတိုးအလျှော့ လုပ်ချင်ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ပါနဲ့။ သူ့နဂိုအတိုင်း ထားတာ အကောင်းဆုံးပဲ။

ဒီတော့ tracking ကိုပဲ ကစားပါ။

Font ကို ရွေးရင် tracking ကို ကစားကြည့်ပါ။ တချို့ font တွေက ဘေးဘီကို ခပ်ကျယ်ကျယ် နေရာယူတယ်။ ဒီတော့ tracking နဲ့ စာလုံးကို ဆွဲစိကြည့်ပါ။

tracking နဲ့ ဆွဲကျုံ့ပြီး ရတဲ့နေရာလေးထဲမှာ နောက်ထပ် အက္ခရာ လေးငါးလုံး ဖြည့်ထည့်လို့ ရသွားတာမျိုး ရှိပါတယ်၊ Font အမျိုးအစား ပြောင်းလဲသုံးစွဲလိုက်လို့ စာလုံးတွေ ပိုဝင်ဆန့်သွားတာတွေလည်း ရှိပါတယ်။ ဥပမာ condensed fonts တွေ Narrow fonts တွေကို ပြောင်းလဲသုံးစွဲပေးလိုက်တာ ဖြစ်ပါတယ်။

 

၎။ စာကြောင်း နှစ်ခုကြား အကွာအဝေး Leading (Line spacing)

 

စာသားတွေ အများအပြား ဖော်ပြပေးရတဲ့ web page မျိုးတွေမှာ leading ကို ဂရုစိုက်ဖို့ လိုတယ်။

စည်းမျဉ်းက ခေါင်းစည်းတွေအတွက်ဆိုရင် leading ကို လျှော့ပေးရမယ်။ ခေါင်းစဉ်လို စာလုံးမကြီးတဲ့ စာလုံးတွေ သုံးထားတဲ့ စာပိုဒ်တွေမှာ leading ကို တိုးပေးထားရမယ်။ ကြဲပေးထားရမယ်။ ဆိုကြပါစို့ ခေါင်းစည်းအတွက် font အရွယ်အစား 72 ကို သုံးထားတယ်ဆိုရင် ထက်အောက် စာကြောင်းနှစ်ခုကြား အတော်ဟနေလိမ့်မယ်။ ဒီတော့ လျှော့ချပေးလိုက်မှ ကျစ်ကျစ်လစ်လစ် ကြည့်ကောင်းသွားမယ်။

 

ထည့်သွင်းဖော်ပြပေးစရာတွေကို နေရာခင်းကျင်းပြီးတဲ့အခါ တစ်ပြင်လုံးကို ခြုံငုံကြည့်လိုက်ပါ။ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ရှိရဲ့လား။ စာကြောင်းတွေ ကျိုးကျတာ အဆင်ပြေရဲ့လား။ အစိပ်အကျဲတွေ ဟန်ကျရဲ့လား။ တစ်ပြေးညီ ဖြစ်နေရဲ့လား။ ကျပ်သိပ်နေတဲ့ နေရာတွေ ရှိနေလား။ စာပိုဒ်တွေမှာ leading က ခပ်စိပ်စိပ် ဖြစ်နေပေမဲ့ စာပိုဒ်တွေကို ခင်းကျင်းထားသိုထားတာ ကြားအကွာအဝေးတွေ များလွန်းနေလို့ ချောင်ချောင်ကြီး ဖြစ်နေသလား။ အဲဒီလိုဆိုရင် စာပိုဒ်ထဲမှာ စာကြောင်းတွေ အသက်ရှူချောင်အောင် leading ကို ကျဲပေးပြီး စာပိုဒ်တွေ နေရာယူတာ ပိုများသွားအောင် ကစားပေးလိုက်ခြင်းဖြင့် စာပိုဒ်တွေအကြား ဝေးကွာလွန်းနေတာ လျော့ကျအောင် လုပ်ပေးလိုက်ပါ။

ခေါင်းစဉ်အကြီးစားတွေ ပါနေရင် ဘေးဘီမှာ နေရာလွတ်တွေ ဖန်တီးပေးထားဖို့ လိုတယ်။ ဒါမှ ခေါင်းစဉ်က တသီးတခြား ဖြစ်ပြီး ခန့်ထည်နေမယ်။ အဲဒီအတွက် နေရာလွတ်တွေ တမင်ထည့်ပေးထားရဲ့လား။

ICT Guide

Source: Why UI web design is all about typography ( AYADI GHAITH )


Read 115 times
Rate this item
(0 votes)