Web Design အလန်းစားဖြစ်ဖို့ Gestalt Principles မိတ်ဆက်

Web Design အလန်းစားဖြစ်ဖို့ Gestalt Principles မိတ်ဆက် google

ဖက်စပ်ပါဝင်သောအရာတွေ စနစ်တကျ ခင်းကျင်းပြသတဲ့အခါ နေရာအနေအထားတွေကို ကျွန်တော်တို့ရဲ့ မျက်လုံးတွေက ဉာဏ်နဲ့ယှဉ်ပြီး ကြည့်တယ်။

မြင်တယ်။ အဲဒီအခါမှာ သတိ အမူမိဆုံးဖြစ်မိတဲ့နေရာတွေ ရှိတယ်။ အဲဒီနေရာတွေကို ပေါ့စတစ် positive နဲ့ နဂ္ဂတစ် negative ဆိုပြီး နှစ်မျိုး ခွဲခြားသတ်မှတ်ထားတယ်။ ဆန့်ကျင်ဘက်ကျတဲ့သဘာဝနှစ်မျိုး ဒွန်တွဲပြီး လွန်ဆွဲနေကြတယ်။ တကယ်လို့  ပေါ့စတစ်က သူနဲ့ ယှဉ်နေတဲ့ နဂ္ဂတစ်တို့ ထပ်တူကျပြီး မျှတနေရင် သဟဇာတ ဖြစ်နေတယ်လို့ သတ်မှတ်တယ်။ အဆင်ပြေချောမွေ့နေတယ်။ ပြောပြချင်တာကို ပြောပြပြီးသား ဖြစ်နေတယ်။ ကောင်းပြီ။ ၀က်ဘ်ဒီဇိုင်းမှာ ဖြစ်ဖြစ် တခြားပုံပြဒီဇိုင်းမှာ ဖြစ်ဖြစ် အဲဒီလို ပြောပြချင်တာကို ပြောပြပြီးသား ဖြစ်နေတယ်ဆိုတော့ ဘယ်လို ဇာတ်ကြောင်းမျိုးကို ပြောပြနေတာလဲ။

လူမှာ ဦးနှောက်ပါတယ်။ ဦးနှောက်က ဉာဏ်နဲ့ ယှဉ်ပြီး အလုပ်လုပ်တယ်။ မျက်လုံးတွေက ကြည့်လိုက်တာကို အဓိပ္ပာယ် ဖော်တယ်။ အဲဒီလို အဓိပ္ပာယ်ဖော်နိုင်စေဖို့ ပြောပြတဲ့ ဇာတ်ကြောင်းမျိုးကို ပြောပြပြီးသား ဖြစ်နေအောင် ဒီဇိုင်းကို ဖန်တီးကြတယ်။  ပုံပန်းသဏ္ဌာန်တွေ နေရာလပ်တွေ ဆက်နွှယ်ရောထွေးပြီး ကြည့်ရှုသူကို သူ့မှာ ရှိထားတဲ့ အတွေ့အကြုံတွေအရ အဓိပ္ပာယ် ရှိသွားအောင် အကွက်ဆင်ပေးထားကြတယ်။ ဦးနှောက်က နေရာလပ်တွေနဲ့ ပုံပန်းသဏ္ဌာန်တွေကို သူ မြင်ဖူးထားပြီးသား သိထားပြီးသား ပုံပန်းသဏ္ဌာန်တွေနဲ့ တိုက်ဆိုင်ကြည့်ပြီး ဘာပုံလဲဆိုတာ အဓိပ္ပာယ်ဖော်တယ်။ မှတ်ဉာဏ်ထဲမှာ ရှိနေတာတွေနဲ့ လုပ်ကိုင်သွားတာ အရမ်းမြန်ဆန်တယ်။ အဲဒီလို လုပ်ကိုင်ပြီးသွားတဲ့အခါ ဘာပုံတွေလဲ ဘာလုပ်ရမှာလဲ စတာတွေကို အဖြေသိပြီးသား ဖြစ်သွားတယ်။ အဖြေက မှားချင်မှားမယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူသိတာ အမှန်လို့ပဲ ခံယူထားတယ်။ အဖြေရလိုက်ဖို့ကသာ အဓိကကျတယ်။

ဒီဇိုင်းထဲ ခင်းကျင်းပြသထားတာမှာ နေရ/ာလပ်တွေ ရှိတယ်။ ပေါ့စတစ်နဲ့ နဂ္ဂတစ် နှစ်မျိုးစလုံး ပါဝင်တယ်။ အဲဒီ နေရာလပ်တွေက ဒီဇိုင်းမှာ ဖက်စက်ပါဝင်သောအရာတွေကို စည်းလုံးညီညွတ်သွားအောင် ပေါင်းစည်းပေးထားရင် အဲဒီ ဒီဇိုင်းဟာ ဟန်ကျတယ်။  သတိအပြုမိလိုက်ဆုံး နေရာလည်း ပါဝင်နေပြီး အဲဒီဟာက ပေါ့စတစ် ဖြစ်ချင်ဖြစ်မယ်။. နဂ္ဂတစ် ဖြစ်ချင်ဖြစ်မယ်။ ကောင်းပြီ။ ပေါ့စတစ် နေရာ ဆိုတာ ဘယ်လိုဟာလဲ။ နဂ္ဂတစ်နေရာ ဆိုတာ ဘယ်လိုဟာလဲ။

ပေါ့စတစ်နေရာက ဒီဇိုင်းရဲ့ အသား အဖြစ် ပါဝင်တယ်။ အဲဒီအပိုင်းမှာ ပုံသဏ္ဌာန်တွေ၊ အရောင်တွေ၊ အဆင်အကွက်တွေ စတာတွေကို  ကြည့်ရှုသူက မြင်တယ်။ တွေ့တယ်။ သတိပြုမိတယ်။

နဂ္ဂတစ်နေရာကျတော့ နောက်ခံကားချပ်သဖွယ် တည်ရှိနေတာ ဖြစ်ပါတယ်။

 

The popular artwork by Vincent Van Gogh features an interesting case of negative versus positive space


ဖွဲ့တည်ထားတာ ညီညွတ်မျှတနေတယ်ဆိုရင် ပေါ့စတစ်အပိုင်းတွေနဲ့ နဂ္ဂတစ်နေရာတွေဟာ ဒီဇိုင်းထဲမှာ အတူတကွ လုပ်ကိုင်နေပြီး တစ်ဦးကို တစ်ဦးက ဖေးမယိုင်းပင်းပေးနေကြတယ်။ ပြေပြစ်နေတယ်။ တစ်ခုစီ ဖြစ်မနေဘဲ တစ်ခုတည်း ဖြစ်နေတယ်။ လက်ရာကောင်းတဲ့ အသုပ်တစ်ပွဲမှာ စပ်တာ စိမ့်တာ စတဲ့ အရသာတွေ ပေါင်းစည်းညီညွတ်ပြီး အသုပ်တစ်ပွဲ တစ်ခုတည်းအဖြစ် ဖြစ်နေသလိုမျိုး ဖြစ်နေတယ်။ အဲဒီလို မဖြစ်ဘူးဆိုရင်တော့ ၀က်ဘ်ဒီဇိုင်းကို ကြည့်တဲ့သူတွေအဖို့ မသက်မသာ ဖြစ်ရမယ်။ ပြောပြချင်တာကို ဘာပြောနေမှန်း တိတိပပ သိမှာ မဟုတ်ဘူး။ တစ်ဝက်တစ်ပျက်ပဲ သိလိမ့်မယ်။ တလွဲတွေ သိကုန်တာမျိုးအထိ ဖြစ်ကုန်တယ်။

 

နေရာတွေက ဘယ်လို ဇာတ်ကြောင်းမျိုးကို ပြောပြနေတာလဲ။

 

ဝက်ဘ်ဒီဇိုင်းတစ်ခု အောင်မြင်တာ ကျဆုံးတာကို ဘာနဲ့ တိုင်းတာသလဲ။ အသုံးကျတာ သုံးလို့လွယ်တာ သုံးရတာ မြန်ဆန်တာ အသုံးတည့်တာ စတဲ့အချက်တွေနဲ့ တိုင်းတာတယ်။ ၀က်ဘ်ဒီဇိုင်းလုပ်တဲ့သူက အမြင်လှပ တင့်တယ်ဖို့ကို ဦးတည်ပြီး လုပ်တယ်ဆိုပါတော့ တိုင်းတာတဲ့ အချက်တွေကို သိပ်အရေးမလုပ်ဘူး ဆိုပါတော့။ ရလာတဲ့ ၀က်ဘ်ဒီဇိုင်းက လှတာမက်လို့ ညစာခက်နေတဲ့ ၀က်ဘ်ဒီဇိုင်း ဖြစ်နေလိမ့်မယ်။ သုံးရသူ စိတ်ကသိကအောက် ဖြစ်တာကနေ စိတ်တိုတာအလယ် စိတ်ကုန်တာအဆုံး ဖြစ်နေလိမ့်မယ်။

ပါဝင်အခြင်းအရာ က ဘုရင် Content is king လို့ ဆိုကြတယ်။ ဘုရင်မှာ ထူးချွန်တဲ့ မှူးကြီးမတ်ရာတွေ အနားမှာ မရှိရင် အဲဒီဘုရင် ဟန်မကျဘူး။ သူပြောပြချင်တာကို လူအများ သိကြရအောင် ပြောပြပေးမယ့်သူ မရှိဘူး။ အဲဒီလို ပြောပြချင်တာကို ပြောပြပြီးသား ဖြစ်နေအောင် နေရာတွေကို ဆီလျော်အောင် အသုံးပြုပေးဖို့ လိုတယ်။

Read more: Design တစ်ခုတွင် အရေးပါလှသော Typography အကြောင်း

အဲဒီအတွက် ပေါ့စတစ် နေရာနဲ့ နဂ္ဂတစ်နေရာတို့အကြား ရှိရမယ့် ဆက်နွှယ်ပုံ၊ အရေးပါပုံ၊ လက်တွေ့ကျင့်သုံးပုံတွေကို သိထားသင့်တယ်။ နေရာတွေနဲ့ လူ့ဦးနှောက်က ရှုမြင် မှတ်မိ သိရှိပုံတို့အကြား အချိတ်အဆက်ကိုလည်း သိထားသင့်တယ်။ ပြီးတော့ Principles of grouping ဆိုတဲ့ အုပ်စုဖွဲ့ အခြေခံ မူလသဘောတရားများကို တင်ပြတဲ့ Gestalt စိတ်ပညာရှင်များရဲ့ အခြေခံသဘောတရားတွေကို ၀က်ဘ်ဒီဇိုင်းမှာ သုံးစွဲကြပုံကိုလည်း သိထားသင့်တယ်။ အဲဒါအပြင် တကယ့်လက်တွေ့ လေ့လာဆန်းစစ်မှုတွေကိုလည်း လုပ်သင့်တယ်။ အဲဒီအတွက် ထပ်မံတင်ပြမယ့် post တွေမှာ တကယ့်ဝက်ဘ်ဒီဇိုင်းတွေကို နမူနာအဖြစ် တင်ပြပြီး Gestalt အခြေခံသဘောတရားများ၊ နေရာတွေကို တီထွင်ဆန်းသစ် သုံးစွဲကြပုံများကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ict guide


Read 101 times
Rate this item
(0 votes)